စစ်ကိုင်းနဲ့ ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဉ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က “စစ်ကြောင်းက ကောလင်းမြို့ထဲမှာဘဲရှိတာ။ အဲ့နားက စစ်ဘေးရှောင်တွေဘဲ ရှိတာ။ ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ ပျူစခန်းရှိတယ်။ အဲ့တာနဲ့လည်း နီးတယ်။ ကောလင်းနဲ့ ကန့်ဘလူအစပ် တိုက်ပွဲတော့ မရှိဘူး” လို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတစ်ဝိုက် အခြေနေကို ရှင်းပြပါတယ်။
ဒီတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ KNG က အတည်ပြုနေဆဲ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ စွယ်ရကျေးရွာဟာ မြစ်ကြီးနား–မန္တလေးဗျူဟာ လမ်းကြီးအနီးမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ် ဒိုးပင်ကျေးရွာအပိုင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ကလေးငယ် တစ်ယောက်အပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ထမင်းဆိုင်တစ်ဆိုင်လည်း မီးလောင်ပျက်ဆီးခဲ့ရပါသေးတယ်။
ဒါ့အပြင် ဇူလိုင်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ကန့်ဘလူမြို့နယ်၊ သီရိမွန်ကျေးရွာလမ်းဆုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးသီး ၃ လုံး အသုံးပြု ကြဲချ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ ဝေဟင်သတင်းတွေကို စောင့်ကြည့်နေသူတစ်ဦးက “စစ်ကောင်စီတပ်က နိုင်ငံအနှံ့ နေရာတိုင်းမှာ အချိန်မရွေး လေကြောင်းတိုက်ခိုက်တာ လုပ်နေတာကြောင့် လေကြောင်းနဲ့ ပတ်သက်တဲ့သတင်းတွေ စောင့်ကြည့်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဖို့ ဗုံးခိုကျင်းတွေ ဘာတွေ တူးထားဖို့ပေါ့ အကြံပေးချင်ပါတယ်” လို့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတစ်ဝှမ်းမှာ ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ လဝက်အတွင်း စစ်ကိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၈၆ ဦး သေဆုံးခဲ့ရပြီး ၁၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရNUGကထုတ်ပြန်ထားပါတယ်။







