ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဩဂုတ်လ ပထမအပတ်အတွင်း သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ကိုးဦး သေဆုံးကာ၊ ဒဏ်ရာရသူ ၂၈ ဦးထက်မနည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဩဂုတ်လ ၇ ရက်) ည ၉ နာရီဝန်းကျင်အချိန်ခန့်တွင် ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်ရှောင်များခိုလှုံရာ ဆိပ်မူကျေးရွာ(ဆိုင်းတောင်) ဆုတောင်းကုန်းရှိ KBC ဘုရားကျောင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ဒေါ်ဘွမ်ဆမ် ဆိုသည့်အမျိုးသမီး သေဆုံးခဲ့ပြီး၊ မဂျာဆိုင်းထွယ်နူးပန်၊ မဂျာဆိုင်းရွယ်အိန်၊ ဒေါ် လရှီးဒွဲလိန်၊ မောင်မုန်လတ်နော်၊ မောင်ဂျုံးလွမ်းတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
“ဆုတောင်းကုန်း KBC ဘုရားကျောင်းမှာ စစ်ရှောင်နေကြသူတွေလို့တော့ သိရပါတယ်။ ဘယ်ကတော့ သေချာမသိဘူး” ဟု ဒေသခံတဦးက ပြောသည်။
လက်နက်ကြီးကျရောက်သည့်နေရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံသည့် နေရာတခု ဖြစ်ကြောင်း ဒေသခံက ပြောသည်။ လက်နက်ကြီးမကျခင် ညနေ ၄ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားနေသည့် အမှိုက်ပုံဘက်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ရှရောခကျေးရွာတွင် လက်နက်ကြီးကြောင့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံထံမှ သိရသည်။
ထို ဩဂုတ်လ ၃ ရက်နေ့တွင်ပင် ဆန်းကြွယ်ကျေးရွာ၌လည်း လက်နက်ကြီးကျသဖြင့် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက် ၈၈ နှစ်အရွယ် ဒေါ်ညိုစိန် သည် ပြင်းထန်ဒဏ်ရာကြောင့် ဩဂုတ်လ ၅ ရက်တွင် ဆေးကုသရင်း သေဆုံးခဲ့သည်။
ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ် မျောက်ဖြူကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် သုံးနှစ်အရွယ် ကလေးငယ်တဦး နှင့် ၃၅ နှစ်အရွယ် အမျိုးသား တဦး သေဆုံးကာ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
ထို့ပြင် ဩဂုတ်လ ၅ ရက်တွင်လည်း လက်နက်ကြီးကြောင့် ရှရော်ခကျေးရွာမှ ကိုအိုက်ပီး၊ ယူမာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မရွှေသဇင်ဝင်း နှင့် မောင်ဖြိုးတို့ သေဆုံးကာ ၁၃ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရသူများအနက် မနီနီဝင်းသည် ဩဂုတ် ၆ ရက်တွင် ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
အလားတူ ဩဂုတ်လ ၆ ရက်တွင်လည်း အေးမြသာယာအထွက် ဆွတ်ဂျာကုန်းကို လက်နက်ကြီး ကျရောက်မှုကြောင့် ပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူများနေထိုင်ရာနေရာသို့ လက်နက်ကြီးများ မကြာခဏ ကျရောက်ပေါက်ကွဲမှုများ ရှိနေခြင်းဖြစ်သည်။
ဖားကန့်တွင် မော်မောင်းလျှံ၊ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ အမှိုက်ပုံ၊ ရှရော်ခကျေးရွာအဝင်၊ ညောင်ပင်ကုန်း၊ ယူမာ စသည့် ကျေးရွာများတွင် စစ်ရေးတင်းမာသည့်အခြေအနေရှိနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်တပ်သည် ဖားကန့်ဗျူဟာကုန်းအပြင် မှော်စီစာဘုရားကုန်း၊ အမှိုက်ပုံ၊ ယူမာကျေးရွာရှိ အဲဗားမျောခြံတို့တွင် တပ်စွဲထားပြီး ၎င်းတို့တပ်စွဲရာအနီးနှင့် ကျည်လာနိုင်ရာလမ်းကြောင်းတွင်ရှိသည့် တောင်ယာကုန်း၊ သာယာကုန်း၊ အမှိုက်ပုံ၊ လမောင်းကုန်း၊ အင်မားယန်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ တောင်ပြို ဗလခ၊ မျောက်ဖြူကျေးရွာ၊ ကုလားမော်၊ ရှရောခ၊ ညောင်ပင်ကုန်း၊ ဆန်းကြွယ်၊ ယူမာ စသည့်ကျေးရွာများတွင် ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကာ တတ်နိုင်ပါက ရှောင်ရှားသင့်ကြောင်း ဆိုသည်။
“လက်နက်ကြီးက ပစ်ပြီဆိုရင် တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကိုပဲပစ်တာမဟုတ်ဘူး။ အကုန် ရမ်းပစ်တာဆိုတော့လေ။ အဲ့တော့ သူတို့စစ်ကြောင်းရှိရာ ကျည်လာရာလမ်းတလျှောက်မှာ ဘယ်လိုမှ မနေသင့်ဘူးပေါ့လေ” ဟု သတင်းရင်းဖြစ်က ဆိုသည်။
လက်ရှိ ဖားကန့်ဒေသတွင် လုံးခင်း၊ မှော်စီစာ၊ နမ္မဖြစ်၊ ဆိပ်မူ၊ နမ့်မှော်၊ ဝှေခါ၊ တာမခန်၊ ဥရုချောင်းအောက်ဘက် ဖောင်းပြင်၊ မမုံ၊ တောင်းကော့ စသည့် နေရာများသည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အလှမ်းဝေးပြီး ကျည်လွတ်သည်ဟု ယူဆရသော်လည်း လေကြောင်းရန် နှင့် ရည်ရွယ်ချက်ရှိရှိ ပစ်သည့် လက်နက်ကြီးများကိုမူ သတိထားရကြောင်း ဆိုသည်။
စစ်ကော်မရှင်သည် ဖားကန့်ဒေသကို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးအမိန့်ဖြင့် ပိတ်ဆို့ဖြတ်တောက်ခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ကုန်စည်လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့သော်လည်း အမျိုးသမီးလစဉ်သုံး၊ ဆေးဝါး၊ ဆန်၊ စားဆီ၊ ကုလားပဲ၊ အသားခြောက် စသည်တို့ကိုမူ ကန့်သတ်ကုန်ဟုဆိုကာ ခွင့်ပြုမိန့်ဖြင့်သာ သယ်ခွင့်ပြုသောကြောင့် ကုန်ဈေးနှုန်းသည် ကြီးမြင့်နေဆဲဖြစ်ကြောင်း ဆိုသည်။
“စျေးနှုန်းတွေအရမ်းမကျသေးဘူး ၁၀ရက်ပဲ ဖွင့်မယ်ဆိုတဲ့ကောလာဟာလ သတင်းတွေကြောင့် ကုန်သည်တွေ စျေးထိန်းတဲ့သဘောရှိတယ်။ စျေးကတော့ပြန်ကျနေပါပြီ။ ကုန်ကားကြီးတွေဝင်တာတွေ့ရတယ်။ ဆန်ကားတော့ မတွေ့ရသေးဘူး ဆန်က ကန့်သတ်ကုန်လိုပြောနေကြလို့ လမ်းပွင့်တာကြာရင် ဆန်ကားလည်း တက်လာမှာပါ။ ဆန်ကို အခုမှ ကန့်သတ်တာ မဟုတ်ပါဘူး ဟိုးအရင်ကတည်းကပါ။ အဓိကတော့ လမ်းကြောင်းပွင့်နေဖို့ အရေးကြီးတယ် ဒါမှ ပြည်သူတွေ အသက်ရှူချောင်မှာ” ဟု အခြားဖားကန့်ဒေသခံတဦးက ပြောသည်။
စစ်ကော်မရှင်တပ်သည် ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကို ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ကာ ၎င်းတို့ လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ရန်နှင့် KIO/KIA ဘဏ္ဍာရေးလမ်းကြောင်းကို ပိတ်ဆို့ရန် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောထားသည်။







