ကုန်စည်ဝင်ရောက်မှုမရှိတာကြောင့် ဖားကန့်ဒေသမှာ ကြက်သားတစ်ပိဿာကို ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်

ကုန်စည်ဝင်ရောက်မှုမရှိတာကြောင့် ဖားကန့်ဒေသမှာ ကြက်သားတစ်ပိဿာကို ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်

ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ဝင်တဲ့လမ်းတွေ ပိတ်ထားတာကြောင့် ကုန်ကားတွေ ဝင်ရောက်မှုမရှိဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ကြက်သား(ဗမာကြက်) တစ်ပိဿာကို ကျပ်တစ်သိန်းအထိ ပေါက်ဈေးရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က လမ်းတွေပိတ်ထားတဲ့အပြင် လမ်းကြောင်းတစ်လျှောက် ပေးဆောင်ရတဲ့ အကောက်ခွန်တွေ များတဲ့အတွက်ကြောင့်လည်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အလုအယက်ဝယ်တာမျိုးတော့ မရှိဘူး။ မဖြစ်မနေဝယ်ရမယ့် အခြေအနေမှသာ ဝယ်စားကြတာ။ တစ်ရက်ကို မိသားစုတစ်စုဆို ကုန်ကျငွေက တစ်သိန်းအောက်ခံပဲ။ အစစအရာရာ ဈေးကြီးတယ်။ အစကတော့ လမ်းမကောင်းလို့။ အခုတော့ လမ်းပိတ်ထားတယ်။ လမ်းမှာ အကောက်အခွန်တွေကလည်း များတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ပျံ့နှံ့လာတဲ့ စာရင်းအရ ဖားကန့်ဒေသက အခြေခံ စားသောက်ကုန်စျေးနှုန်းဟာ ကြက်သားတစ်ပိဿာ တစ်သိန်းကျပ်၊ ဝက်သား တစ်ပိဿာ ၈၀,၀၀၀ ကျပ်၊ ငွေတိုးဆန် ၁ အိတ် ၁၆၅,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ဆီ(ဆန်းသစ်)၁၀ ပိဿာ ၂၆၀,၀၀၀ကျပ်၊ ဓာတ်ဆီ(92) တစ်လီတာ ၈,၇၀၀ ကျပ် ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီစာရင်းကို ဖားကန့်ဒေသခံတွေကို မေးမြန်းအတည်ပြုရာမှာလည်း မှန်ကန်ကြောင်းပြောပြီး တစ်ချို့နေရာတွေမှာ ဒီထက်တောင် ဈေးများနိုင်တယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသဟာ အရင်ကတည်းက အခြားမြို့တွေထက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

“ဈေးက အကုန်တက်နေတာ။ ဂေါ်ဖီထုတ်တစ်စိတ်ကို ငါးထောင်ပေးဝယ်ရတယ်။ လူများတဲ့ မိသားစုဆိုရင်တော့ ဟင်းဖိုးတင်အများကြီးကုန်မှာ။ အရင်ကတည်းက ဈေးက နည်းနည်းတက်နေတာ။ ကားက မဝင်တော့ ပိုတက်တယ်။” လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့တဲ့ မေလကုန်ပိုင်းလောက်ကတည်းကနေ

ကုန်ဈေးနှုန်းတွေ တစ်ဖြည်းဖြည်း မြင့်တက်ခဲ့တာဖြစ်ပြီး ကြက်သားတစ်ပိဿာကို ကျပ် ၆၀,၀၀၀ လောက်အထိ ဈေးရှိခဲ့ပါတယ်။ အခုဆိုရင် လမ်းတွေပါ ပိတ်လိုက်တာကြောင့် ကျပ်တစ်သိန်းအထိ ဆက်တိုက်မြင့်တက်ခဲ့တာပါ။

ဖားကန့်ဒေသခံ အမျိုးသမီး နောက်တစ်ဦးကလည်း ဒီကနေ့မနက်ဈေးသွားချိန် ကြက်ဥတစ်လုံးကို ကျပ်တစ်ထောင် ပေးဝယ်ခဲ့ရတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် နှစ်လနီးပါး ပိတ်ထားတဲ့ နန့်ယား-ဖားကန့်လမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က KIA က ဖွင့်ပေးခဲ့သလို ဝှေခါ-ဖားကန့်လမ်းကိုလည်း ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီကနေ ဖားကန့်ဒေသကို စစ်ကြောင်းထိုးလာတဲ့အတွက် မြစ်ကြီးနား-ဖားကန့်လမ်းကို KIA/KPDF တွေနဲ့ စစ်ကောင်စီကနေ စစ်ရေးအခြေအနေတွေကြောင့် ပိတ်ထားခဲ့တာပါ။

ဒါ့အပြင် ဇူလိုင်လ ပထမအပတ်ကလည်း ဆန်ကားတွေ ဝင်ရောက်မှုမရှိတာကြောင့် ဆန်ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်ဒေသကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်တို့ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...