ရှေ့တန်းကပြန်ဆုတ်သူများ ပစ်သတ်ခံရကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများပြော

ရှေ့တန်းကပြန်ဆုတ်သူများ ပစ်သတ်ခံရကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများပြော

စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များတွင် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းပြီး စစ်သင်တန်းဆင်း တပ်သားသစ်များကို ရှေ့ဆုံးကတိုက်ခိုက်စေကာ တပ်ပြန်ဆုတ်သူများကိုလည်း ပစ်သတ်ကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက ထုတ်ပြောကြသည်။ 

ရှေ့ဆုံးပွိုင့်တွင် စစ်မှုထမ်းတပ်သားသစ်များကိုထားရှိပြီး ပြန်ဆုတ်လာပါက နောက်တန်းရှိ စစ်ကောင်စီအရာရှိများက ပစ်သတ်ကြောင်း အမ်း - ပဒါန်းစစ်မျက်နှာ နတ်ရေကန်စခန်းတိုက်ပွဲတွင် AA ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်နှစ်ဦးက AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောဆို ထားသည်။ 

“မင်းတို့ဘာလို့ ဆုတ်လာလည်းဆိုပြီး ပစ်တာများတယ်။ အဲလို ပစ်တာဆို ကျနော့်ရှေ့မှာတောင် သူငယ်ချင်းတစ်ယောက်ကို နောက်က အရာရှိပစ်လိုက်လို့ နောက်စေ့ပွင့်သွားတယ်။ ကျနော် မျက်မြင်ကိုယ်တွေပေါ့။ အဲလို မြင်တွေ့လာရတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ ကြောက်တဲ့အခါ သူတို့က ရှေ့တက်ဆိုရင် ကျနော်တို့က ရှေ့တက်ပေးရတာ” ဟု AA ထံ အလင်းဝင်သူ တပ်သား နေလင်းအောင်က ပြောသည်။

ကိုနေလင်းအောင်မှာ မန္တလေးဇာတိဖြစ်ပြီး စစ်မှုထမ်းသင်တန်းတက်ရန် အတင်းအဓမ္မစုဆောင်းခံရပြီးနောက် အခြေခံစစ်သင်တန်း နှစ်လ၊ မွမ်းမံသင်တန်းနှစ်ပတ်တက်ရောက်ပြီး တပ်မ ၉၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၇၉ တွင် တာဝန်တစ်ပတ်ထမ်းဆောင်ကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ အပို့ခံရခြင်းဟု သိရသည်။ 

နတ်ရေကန်စခန်းကုန်းမှ AA ထံ ထွက်ပြေးခိုလှုံလာသည့် နောက်ထပ်တပ်သားတစ်ဦးဖြစ်သူ အောင်သက်ထွန်းလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲခံရပြီး ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်ထွက်ပြေးစဉ် ဖမ်းဆီးခံရပြီး နှစ်လကျော်ကြာ အချုပ်ကျခံရကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ ပြန်ပို့ခံရကြောင်းပြောသည်။

ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရသည့် အချို့စစ်ကောင်စီတပ်သားများမှာလည်း မိမိကိုယ်ကိုယ်ပစ်ခတ်ပြီး သတ်သေရန် ကြိုးပမ်းမှုများလည်းရှိကြောင်း တပ်သား အောင်သက်ထွန်းက ပြောသည်။  

“တချို့ထွက်ပြေးလို့မလွတ်မှန်းသိတဲ့သူတွေဆို ကိုယ့်ကိုယ်ကိုပစ်တယ်။ ပစ်တော့ ဒဏ်ရာရတယ်။ အထက်က ဗိုလ်ကြီးတွေက ဆေးမကုပေးဘူး။ဒီအတိုင်းပဲထားမယ် သေရင်သေ၊ မသေရင် ထောင်ချမယ်ပြောတယ်” ဟု AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တပ်သား အောင်သက်ထွန်းက ပြောသည်။

နတ်ရေကန်စခန်းကုန်းမကျရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ ခုခံနေသော်လည်း အာရက္ခတပ်တော်၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများကာ ထွက်ပြေးသူအများအပြားရှိနေကြောင်း အလင်းဝင် စစ်ကောင်စီတပ်သားများက ပြောကြသည်။နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် တပ်သားအင်အားဖြည့်တင်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တပ်သားသစ်များကို အတင်းအဓမ္မ စုဆောင်းနေပြီး လက်ရှိတွင် အပတ်စဉ် ၁၅ ခု အထိ ရှိနေပြီဖြစ်သည်။ 

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...