ရှေ့တန်းကပြန်ဆုတ်သူများ ပစ်သတ်ခံရကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများပြော

ရှေ့တန်းကပြန်ဆုတ်သူများ ပစ်သတ်ခံရကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်သားများပြော

စစ်ကောင်စီသည် ရှေ့တန်းစစ်မြေပြင်များတွင် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းပြီး စစ်သင်တန်းဆင်း တပ်သားသစ်များကို ရှေ့ဆုံးကတိုက်ခိုက်စေကာ တပ်ပြန်ဆုတ်သူများကိုလည်း ပစ်သတ်ကြောင်း AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက ထုတ်ပြောကြသည်။ 

ရှေ့ဆုံးပွိုင့်တွင် စစ်မှုထမ်းတပ်သားသစ်များကိုထားရှိပြီး ပြန်ဆုတ်လာပါက နောက်တန်းရှိ စစ်ကောင်စီအရာရှိများက ပစ်သတ်ကြောင်း အမ်း - ပဒါန်းစစ်မျက်နှာ နတ်ရေကန်စခန်းတိုက်ပွဲတွင် AA ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်နှစ်ဦးက AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောဆို ထားသည်။ 

“မင်းတို့ဘာလို့ ဆုတ်လာလည်းဆိုပြီး ပစ်တာများတယ်။ အဲလို ပစ်တာဆို ကျနော့်ရှေ့မှာတောင် သူငယ်ချင်းတစ်ယောက်ကို နောက်က အရာရှိပစ်လိုက်လို့ နောက်စေ့ပွင့်သွားတယ်။ ကျနော် မျက်မြင်ကိုယ်တွေပေါ့။ အဲလို မြင်တွေ့လာရတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ ကြောက်တဲ့အခါ သူတို့က ရှေ့တက်ဆိုရင် ကျနော်တို့က ရှေ့တက်ပေးရတာ” ဟု AA ထံ အလင်းဝင်သူ တပ်သား နေလင်းအောင်က ပြောသည်။

ကိုနေလင်းအောင်မှာ မန္တလေးဇာတိဖြစ်ပြီး စစ်မှုထမ်းသင်တန်းတက်ရန် အတင်းအဓမ္မစုဆောင်းခံရပြီးနောက် အခြေခံစစ်သင်တန်း နှစ်လ၊ မွမ်းမံသင်တန်းနှစ်ပတ်တက်ရောက်ပြီး တပ်မ ၉၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၇၉ တွင် တာဝန်တစ်ပတ်ထမ်းဆောင်ကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ အပို့ခံရခြင်းဟု သိရသည်။ 

နတ်ရေကန်စခန်းကုန်းမှ AA ထံ ထွက်ပြေးခိုလှုံလာသည့် နောက်ထပ်တပ်သားတစ်ဦးဖြစ်သူ အောင်သက်ထွန်းလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲခံရပြီး ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်ထွက်ပြေးစဉ် ဖမ်းဆီးခံရပြီး နှစ်လကျော်ကြာ အချုပ်ကျခံရကာ နတ်ရေကန်ရှေ့တန်းစခန်းသို့ ပြန်ပို့ခံရကြောင်းပြောသည်။

ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခံရသည့် အချို့စစ်ကောင်စီတပ်သားများမှာလည်း မိမိကိုယ်ကိုယ်ပစ်ခတ်ပြီး သတ်သေရန် ကြိုးပမ်းမှုများလည်းရှိကြောင်း တပ်သား အောင်သက်ထွန်းက ပြောသည်။  

“တချို့ထွက်ပြေးလို့မလွတ်မှန်းသိတဲ့သူတွေဆို ကိုယ့်ကိုယ်ကိုပစ်တယ်။ ပစ်တော့ ဒဏ်ရာရတယ်။ အထက်က ဗိုလ်ကြီးတွေက ဆေးမကုပေးဘူး။ဒီအတိုင်းပဲထားမယ် သေရင်သေ၊ မသေရင် ထောင်ချမယ်ပြောတယ်” ဟု AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တပ်သား အောင်သက်ထွန်းက ပြောသည်။

နတ်ရေကန်စခန်းကုန်းမကျရေး စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ ခုခံနေသော်လည်း အာရက္ခတပ်တော်၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများကာ ထွက်ပြေးသူအများအပြားရှိနေကြောင်း အလင်းဝင် စစ်ကောင်စီတပ်သားများက ပြောကြသည်။နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီသည် တပ်သားအင်အားဖြည့်တင်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တပ်သားသစ်များကို အတင်းအဓမ္မ စုဆောင်းနေပြီး လက်ရှိတွင် အပတ်စဉ် ၁၅ ခု အထိ ရှိနေပြီဖြစ်သည်။ 

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...