ဖားကန့်မှာ စစ်တပ်က တိုက်ပွဲဆက်ဖော်ဆောင်နေတဲ့အတွက် နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

ဖားကန့်မှာ စစ်တပ်က တိုက်ပွဲဆက်ဖော်ဆောင်နေတဲ့အတွက် နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေ

ဖားကန့်မှာ စစ်တပ်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းစတဲ့ စစ်မျက်နှာပြင် ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လမောင်ကုန်း(Lamawng Kawng) နဲ့ မော်မောဘွမ့်(Mawmaw Bum) စတဲ့နေရာတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဦးတည်ပြီး ဖြည်းဖြည်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့အထိ အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“အခု စစ်တပ်က သူတို့ရဲ့ မိန်းနေရာဖြစ်တဲ့ ဗျူဟာကုန်းကို အရင်လုံခြုံမှုရှိအောင် အရင်လုပ်နေတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေသကို လွမ်းမိုးချင်နေတာတစ်ပိုင်း။ လက်လွတ်လိုက်ရတဲ့ စခန်းကုန်းတွေကို မရရအောင် ယူမယ့် သဘောမျိုးရှိတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ အမှိုက်ပုံနေရာ၊ မော်မောလယန် ၊ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေက ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံးနေရာတွေဖြစ်တယ်။ အဲလိုနေရာတွေ လုံခြုံသွားပြီဆိုရင် အခုပြောနေတဲ့ လမောင်ကုန်း၊ မော်မောဘွမ့်ဆိုတာတွေက ရဖို့ အရမ်းလွယ်သွားပြီ။ အဲ့ကြောင့် သူတို့က ဖြည်းဖြည်းချင်းနဲ့ လုပ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန်၊ ရှရော်ခ ညောင်ပင်ကုန်း စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က အလုံးစုံထိန်းချုပ်ခြင်းမရှိသေးဘဲ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စခန်းအနေနဲ့ လက်လွတ်ဆုံးရှုံးလိုက်တာတွေမရှိသေးပေမယ့် သွားလာလှုပ်ရှားနေတဲ့ လမ်းကြောင်းတစ်ချို့ကို ဆုတ်ခွာလိုက်ရတာတွေရှိတယ်လို့ ဖားကန့်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

“KIA နဲ့ တော်လှန်ရေးအဖွဲ့တွေက သူတို့စိုးမိုးထားတဲ့ နယ်မြေဒေသအရ ပြောရမယ်ဆိုရင် နယ်မြေကျဉ်းလာတယ် လို့တော့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် လုံးခင်း မှော်ဆီစာကနေ အမှိုက်ပုံကျေးရွာတစ်ကြော တော်လှန်ရေး အင်အားစုတွေ အသုံးပြုတဲ့ လမ်းတွေဖြစ်တယ်။ ဒီလမ်းကြောင်းတွေက စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်တဲ့ အနေအထားမှာရှိသွားတာပေါ့နော်။ ဒီလမ်းတွေကနေ အရင်က စိတ်ကြိုက် သွားနေရာကနေ စိတ်ကြိုက် သွားလို့မရတော့ဘူးပေါ့။ ပြောရမယ်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်ဆုတ်လိုက်ရတဲ့သဘောပါ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မော်မောလယန် ကျေးရွာအဝင်ပေါက်ရှိ တာဝါတိုင် အနီးတဝိုက်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်နေပြီး အလားတူ ဆွတ်ဘွမ့်နဲ့ ရှရော်ခ ညောင်ပင်ကုန်းနေရာတွေမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာဟာ ဖားကန့်ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာ တည်ရှိပြီး မော်မောလယန်နဲ့ ရှရော်ခ ညောင်ပင်ကုန်းကျေးရွာ နှစ်ခုက ဘယ်ဘက်ခြမ်းမှာ တစ်ဆက်တည်း တည်ရှိနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မော်မောဘွမ့်ဟာ ဆွတ်ဘွမ့်ကျေးရွာ ဘက်ခြမ်းမှာရှိပြီးတော့ လမောင်ကုန်း တပ်စခန်းက မော်မော်လယန်နဲ့ ရှရော်ခကျေးရွာဘက်ခြမ်းမှာ တည်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေက ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းနဲ့ ဘယ်ဘက်ခြမ်းလမ်းကြောင်း နှစ်ခုစလုံးကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အရေးပါတဲ့ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာပါတယ်။

ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခစတဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၁၅ ရွာလောက်ရှိတဲ့ ဒေသခံပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

အခုလို တိုက်ပွဲကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် တစ်ဖက်မှာ စစ်ကောင်စီတပ်တွေက လူငယ်တွေကို အဓိကဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုနေတယ်လို့ တော်လှန်ရေးမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြလာပါတယ်။

“တိုက်ပွဲအခြေအနေက မော်မောလယန်၊ ရှရော်ခ ၊ ကျောက်ဖြူတို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ၃ နေရာလောက်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ အဲ့ဒါကြောင့်လည်း ပြည်သူတွေကို စစ်ရှောင်ခိုင်းတယ်။ ပြီးရင် ဒီရက်ပိုင်း လူငယ်တွေကို အဓိကထားပြီး ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်နေတယ်။ တိုက်ပွဲတွေဖြစ်တဲ့ နေရာမှာပဲဖြစ်နေတာ။ ဆွတ်ဘွမ့်နဲ့ မော်မောလယန်မှာ လူသားဒိုင်း ဖမ်းဆီးခံထားရတဲ့သူတွေကိုတောင် ပြန်မလွတ်သေးဘူးတဲ့။ တိုက်ပွဲပြန်ပြင်းထန်လာတဲ့ ဒီ ၃ ရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့သူ ၂၀၀ လောက်ရှိမယ်ဗျာ။ ဘယ်မှပြန်မလွတ်လာသေးဘူးလို့ကြားတယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာမှာ တွေ့ရာလူငယ်တွေကို အဓိကဖမ်းဆီးထားပြီး စစ်တပ်ရှိတဲ့နေရာမှာ လူသားဒိုင်းအသုံးပြုနေတယ်လို့ သိရပါတယ်။

ဖားကန့်မှာ တိုက်ပွဲပိုမိုပြင်းထန်လာတဲ့ ဇူလိုင်လ ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသထဲကို ကုန်ကားတွေ သွားလာခွင့်ရနေတဲ့တစ်ခုတည်းသော ဂွေခါလမ်းမှာ စစ်တပ်က ဆန်သယ်ယူခွင့် ပိတ်လိုက်တယ်လို့လည်း ဆက်သိရပါတယ်။

ဒါကြောင့် လက်ရှိ ဖားကန့်မြို့တွင်းမှာ ပြည်သူတွေလူထုတွေက စျေးဆိုင်တွေမှာ ဆန်အလုအယက် ဝယ်ယူနေကြပြီး တစ်ချို့စျေးဆိုင်တွေမှာ ဆန်ပြတ်လပ်မှုတွေရှိနေပြီလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ အကြောင်းပြချက်မရှိဘဲ ဖားကန့်ဒေသထဲကို ဆန်သယ်ယူခွင့် ပိတ်လိုက်တဲ့အတွက် ပြည်သူလူထု စစ်ပွဲကြား ပိုပြီးကြပ်တည်းလာမှာကို စိုးရိမ်နေကြပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေတဲ့အတွက် အပြန်အလှန်ပစ်ခတ်ရာကနေ လက်နက်ကြီးတစ်ချို့က ဆွတ်ဘွမ့်၊ မော်မောလယန်၊ ရှရော်ခ စတဲ့ကျေးရွာရှိ လူနေအိမ်၊ ဘုန်းကြီးကျောင်းနေရာတွေမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲ ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုရှိသလို လူနေအိမ်ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက စစ်ရေးအတွက် အချက်အချာကျတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်းနှစ်ခုစလုံးကို ပြန်လည်ရယူဖို့ စစ်ကြောင်း ၃ ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်အင်အား ၅၀၀ နဲ့ ၆၀၀ ကြားမှာရှိနိုင်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ကားမိုင်းပြည်သူ့စစ်ပြည်သူ့စစ် နဲ့ ရှမ်းနီပြည်သူ့စစ် SNA တပ်သားတွေ အများဆုံးပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...