နိုင်ငံအလယ်ပိုင်းဒေသများ မိုးပိုလာနိုင်၊ ရေကြီးမှု သတိပေးချက် ဆက်ရှိနေ

နိုင်ငံအလယ်ပိုင်းဒေသများ မိုးပိုလာနိုင်၊ ရေကြီးမှု သတိပေးချက် ဆက်ရှိနေ

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် မိုးနည်းရေရှား မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မိုးပိုလာနိုင်ပြီး နိုင်ငံတဝန်း မိုးရွာသွန်းမှုများ ဆက်ရှိနိုင်ကြောင်း မိုးလေဝသဌာနများက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM)၏ ယနေ့ (ဇူလိုင်လ ၇ ရက် ) တွင် ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်အရ

ယခု ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအားကောင်းနေနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေကြောင်း ဖော်ပြသည်။

ယနေ့ (ဇူလိုင်လ ၇ ရက်နေ့)မှ ဇူလိုင်လ ၁၃ ရက်နေ့အထိကာလအတွင်း မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုများ ဆက်ရှိနိုင် ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါဝင် ဒေသအချို့တွင် နေရာကွက်မိုးကြီးနိုင်ကြောင်း MOHADM က ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသဖြစ်စဉ်များကို သတိပြုကြရန်လည်း MOHADM က တိုက်တွန်းသည်။

စစ်ကောင်စီမိုးဇလဌာန၏ ယနေ့ နံနက် ၇ နာရီအချိန် မိုးလေဝသခန့်မှန်းချက်တွင် နောက်နှစ်ရက်အတွင်း မုတ်သုံလေဆက်လက်အားကောင်းနိုင်ပြီး မြန်မာနိုင်ငံတဝန်းတွင် မိုးရွာသွန်းမှုများ ဆက်ရှိနေနိုင်ကြောင်း အသိပေးသည်။

ရန်ကုန်တိုင်း၊ ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ၎င်းတို့ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းခြင်းနှင့်အတူ ထူးခြားမိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ဖော်ပြသည်။

မြစ်ရေကြီးမှု သတိပေးချက်အနေဖြင့် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တို့တွင် နောက်နှစ်ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ အသိးသီး ရောက်ရှိနိုင်ကြောင်း မိုးဇလက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

ထို့ကြောင့် မြစ်ကမ်းအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မှီရှောင်ရှားကြရန် မိုးဇလက နှိုးဆော်သည်။

မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်ကလည်း တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသတချို့တွင် ယခုတပတ်အတွင်း မိုးပိုလာနိုင်ကြောင်း အသိပေးထားသည်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွင် မြန်မာနိုင်ငံဒေသအများစု မိုးကောင်းခဲ့ပြီး ရခိုင်ပြည်နယ် ဒေသတချို့၌ ဇွန်လ ၃၀ ရက်နေ့က စတင်ရွာသွန်းခဲ့သည့် မိုးသည် ယနေ့ အထိ မတိတ်သေးကြောင်း ဒေသခံများက ပြောသည်။

“ဇွန်လ ၃၀ ရက်နေ့က စရွာတာ တရက်မှ မတိတ်သေးဘူး။ မိုးကြောင့် အနိမ့်ပိုင်းကရွာတွေမှာ ရေကြီးရေလျှံတာ ရှိပေမယ့် မြို့ပေါ်မှာတော့ ရေကြီးတာမရှိသေးဘူး” ဟု ကျောက်တော်မြို့နယ် ဒေသခံတဦးက ပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့၌လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာသွန်းမှုနှင့် တောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာတွင် ပြောင်းရွေ့နေထိုင်ခဲ့ရသည်။

Most read this week

February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...