ပုံအညွှန်း - မြစ်ကြီးနား - မန္တလေးလမ်းပျက်စီးမှုကြောင့် လမ်းပိုင်းကားပိတ်ဆို့နေတဲ့ မြင်ကွင်း။
မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေ ပိတ်မိနေတာကြောင့် ကချင်မှာ စားသောက်ကုန်တစ်ချို့ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
မန္တလေး – မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ ဇီးကုန်းနဲ့ စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံး ကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀) လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ အဲဒီလမ်းပိုင်းလည်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့ သိရပါတယ်။
“ကွင်းလမ်းမှာ ကားတက်မရလို့လို့ပြောတာပဲ မြစ်ကြီးနားလည်း အတူတူပဲ စျေးထဲမှာ အောက်ပိုင်းငါးတို့ မရဘူး။ နောက်ပြီးတော့ အခု ခရမ်းချဥ်သီးတောင် ရှားလာလို့တဲ့ စျေးတွေတက်နေတာ ဘယ်တော့လမ်းကောင်းမလဲတော့ မသိဘူး” လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကုန်ကားတွေ အဝင်ရပ်တန့်နေတာကြောင့် လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ မန္တလေးဘက်ကလာ အသားစိမ်း၊ ငါးစိမ်းနဲ့ ခရမ်းချဥ်သီးတွေ ပြတ်နေသလို ပူတာအိုမြို့ဘက်မှာလည်း ဥတုန်း၊ CPကြက်၊ အောက်ပိုင်းငါးတွေ ဝယ်မရဖြစ်နေသလို ခရမ်းချဥ်သီး၊ ကြက်သွန်နီ/ဖြူ စတဲ့အခြေခံစားသောက်ကုန်တွေ ပြတ်နေပြီး ကုန် အဆမတန် စျေးတက်တာတွေရှိနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်ဘက်ကိုတက်မယ့် ကုန်ကားကြီးတွေဟာ ကန့်ဘလူနယ်ထဲက ကွင်းလမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက စတင်ပိတ်မိနေတာလို့ သိရပါတယ်။
အခုလို ကုန်ကားကြီးတွေ ပိတ်မိနေတာကြောင့် ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့အပါအဝင် မြစ်ကြီးနားကနေ တစ်ဆင့်တင်ပို့ရတဲ့ ပူတာအိုမြို့နယ်တွေမှာလည်း အခြေခံစားသောက်ကုန်အများစု ပြတ်လပ်နေပြီး ကုန်စျေးမြင့်တက်တာတွေရှိနေတယ်လို့ သိရပါတယ်။
“စားသောက်ကုန်မဝင်တာ တစ်ပတ်နီးနီးရှိပြီ ဥတုန်းကြက်လည်း ကုန်နေတယ်။ CP ကြက်လည်းကုန်နေတယ်။ ငါးလည်း ဒေသငါးပဲရှိတယ် အောက်ပိုင်းငါးက မန္တလေးကနေ အဝင်ကိုမရှိသေးတာ” လို့ ပူတာအိုမြို့ခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်းပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တဲ့အတွက် မိုးရွာသီဆို လမ်းပိုင်းပျက်စီးတဲ့အတွက် မန္တလေး– မြစ်ကြီးနား တစ်ခေါက်လျှင် ကြာချိန် တစ်ပတ်ခန့်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနား– မန္တလေး ဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ် ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကို ပိတ်ထားတာဖြစ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေး– မြစ်ကြီးနား ကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေ ပိတ်ထားခဲ့ပါတယ်။
အင်းတော်မြို့ကနေ မန္တလေး မြစ်ကြီးနား ကားလမ်းပိတ်ထားချိန် ကုန်ကားနဲ့ခရီးသည်ကားတွေဟာ အင်းတော်မြို့ရှောင်လမ်း ကွင်းလမ်းကို အသုံးပြုသွားလာခဲ့ရပြီး ကချင်ပြည်နယ်ဘက် ကုန်စျေးတက်တာ၊ မကြာခန ကုန်စည်ပြတ်လပ်တာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။
လက်ရှိမှာတော့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဧပြီလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်ပိုက်ခဲ့ပြီး ပိတ်ထားတဲ့ ဗျူဟာကားလမ်းပိုင်းကို ဖွင့်ပေးခဲ့ပေမယ့် ကန့်ဘလူနယ်ကနေ စစ်တပ်က ပြန်ပိတ်ထားတာဖြစ်ပါတယ်။







