နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော

နမ်စဘွမ်မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ချောင်းများ တိမ်ကောသွားပြီလို့ ဒေသခံတွေပြော

ကချင်နယ်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် လယ်ယာမြေနဲ့ ချောင်းရေတွေအားလုံးနီးပါး တိမ်ကောပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။

ပူတာအိုမြို့ရဲ့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ နမ်စဘွမ်ကျေးရွာမှာ ရွှေလုပ်ငန်းရှင်တွေက အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လစပြီး နမ်စဘွမ်ကျေးရွာအဝင်ရှိ နမ့်စဘွမ်ချောင်းနဲ့ ကပ်လျက်ရှိ ချောင်းငယ်တစ်ခုရဲ့ အထက်၊ အောက်မှာ ရွှေအလွန်အကျွံတူးနေတာကြောင့် ချောင်းနှစ်ချောင်းစလုံး ရေတိမ်ကောပြီး ပျက်စီးသွားပြီလို့ ဒေသခံတွေဆိုပါတယ်။

“ရွာအဝင်မှာရှိတဲ့ အဲ့ချောင်းနှစ်ချောင်းစလုံးက ဘယ်တော့မှ ရေမခမ်းဘူး အခု ရွှေတူးတဲ့နောက်မှ ရေခမ်းသွားတာ ရေချောင်းတောင်မရှိတော့ဘူး တံတားပဲကျန်တယ်။ အခု တံတားတောင် မသုံးတော့ဘူး ရေမရှိတော့ အောက်ကနေပဲ သွားနေကြတော့တာ လယ်ကွက်တွေလည်း မြေစာပုံတွေပဲကျန်တယ်” လို့ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။

ခုလို ရွှေတူးဖော်မှုကြောင့် ချောင်းနှစ်ချောင်းစလုံး ပျက်စီးသွားတဲ့အပြင် နောက်ထပ်ဒေသခံတွေ ရာသက်ပန်လုပ်ကိုင်လာတဲ့ လယ်ယာမြေရဲ့ လေးပုံကနေ သုံးပုံခန့်လည်း ပျက်စီးသွားပြီလို့ သိရပါတယ်။

“လယ်တွေက အားလုံးဆို ခန့်မှန်း ဧက ၁၀၀ ကျော် ၂၀၀ နီးပါးလောက်ရှိမယ် အခု ဧက ၃၀ လောက်တောင် မကျန်တော့ဘူး အားလုံး ရောင်းစားကုန်ပြီး ရွှေတူးကုန်ကြပြီလေ။ တစ်ချို့က မရောင်းချင်လည်း ရောင်းလိုက်ရတာ ဘေးကအကွက်ရောင်းတော့ ကိုယ့်လယ်ကွက်ပဲ ကွက်ပြီးကျန်နေတာ ရေလမ်းကြောင်းပိတ်ပိတ်ကုန်ပြီလေ မထူးတော့ဘူးဆိုပြီး ရောင်းလိုက်တဲ့သူတွေလည်းရှိတယ်” လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ နမ့်စဘွမ်ကျေးရွာမှာ လယ်မြေဧက ၂၀၀ နီးပါးမှာ ဧက ၁၀၀ ကျော် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားပြီး လက်ရှိ ဧက ၃၀ ခန့်သာကျန်တော့တယ်လို့ ဆိုပါတယ်။

ဒီကျန်နေတဲ့ လယ်ကွက်တွေကလည်း ဆက်လက်လုပ်ကိုင်ဖို့ လိုအပ်ပေမယ့် ချောင်းရေခမ်းခြောက်ပြီး ရေသွင်းဖို့ခက်တာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

KNG စုံစမ်သိရှိထားချက်အရ လုပ်ငန်းရှင်တွေဟာ ရွှေတူးဖို့ လယ်ဧက ဝယ်ယူချိန်မှာလည်း ရွှေထွက်၊ မထွက်ပေါ်မှုတည်ပြီး တစ်ဧကကို သိန်း ၅၀၀ ဝန်းကျင်အထိ ပေးဝယ်တာတွေရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ရွာအဝင်နဲ့ကပ်လျက်တစ်ဆက်ထဲရှိပြီး ရွာလမ်းနဲ့ဆိုပေ ၅၀ ခန့်အကွာမှာသာရှိတာကြောင့် ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲက ရွာလမ်းမကြီးလည်း ပျက်စီးလုနီးပါးဖြစ်နေပြီလို့ ဒေသခံတွေပြောပါတယ်။

နမ်စဘွမ်မှာ ခုလို ရွှေအလွန်ကျွံတူးဖော်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လနောက်ပိုင်းတည်းက စတူးဖော်နေကြတာလို့ သိရပါတယ်။

အဲ့ဒီရွှေတူးဖော်မှုတွေကို နမ်စဘွမ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မချမ်းဘော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ မချမ်းဘော့ စစ်တပ်ထဲက တပ်ရင်းမှူးတွေအပါ ရွှေလုပ်ငန်းရှင်တစ်ချို့ ပူးပေါင်းပြီး တူးနေတာလို့ ဒေသခံတွေပြောပါတယ်။

နမ်စဘွမ်ရွာနဲ့ အလားတူပဲ မချမ်းဘော့မြို့နယ်ထဲက နမ့်ခမ်းကျေးရွာမှာဆိုရင် လူနေအိမ်ဝင်း၊ ဘုရားကျောင်းဝင်းတွေထဲအထိ ရွှေတူးနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းမှီ ပူတာအိုဒေသဟာ လက်လုပ်လက်စား ရွှေတူးဖော်မှုသာရှိပေမယ့် အာဏာသိမ်းနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေအသုံးပြုပြီး အကြီးစားရွှေတူးဖော်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးဝါးလာနေတာဖြစ်ပါတယ်။

မချမ်းဘော့မြို့နယ်ဟာ ပူတာခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့ မြို့နယ်ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...