ဖရူဆိုအနောက်ခြမ်းမှာ ခွေးကိုက်ခံရသူရှိပြီး ကာကွယ်ဆေးထိုးနှံဖို့ ငွေကြေးမတတ်နိုင်သူရှိနေ

ဖရူဆိုအနောက်ခြမ်းမှာ ခွေးကိုက်ခံရသူရှိပြီး ကာကွယ်ဆေးထိုးနှံဖို့ ငွေကြေးမတတ်နိုင်သူရှိနေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက နေရာတချို့မှာ ခွေးကိုက်ခံရသူရှိနေပြီး ကာကွယ်ဆေးထိုးနှံဖို့ ဆေးဖိုးမတတ်နိုင်တဲ့သူတွေလည်းရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“မတ်လအတွင်းမှာဆိုလို့ရှိရင် ၈ယောက်လောက်ကိုက်တယ်ပေါ့နော၊ အရင်လဆိုလို့ရှိရင် ၁၀ ယောက်ကျော်တယ်လေနော။ ပျှမ်းမျှတွက်လိုက်ရင် အခုက ရွာတိုင်း တစ်ရွာကို နှစ်ယောက်၊ သုံးယောက် အဲ့လိုမျိုး ပျှမ်းမျှ လာကြတာများတယ်“ လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ခွေးရူးကာကွယ်ဆေးမှာ တစ်လုံးလျှင် ၆၀,၀၀၀ ကျပ်နှုန်းအထိရှိပြီး ခွေးကိုက်ခံရသူတွေဟာ ဆေးကို ၄ ကြိမ် အနည်းဆုံး ထိုးနှံပေးရတာဖြစ်တာကြောင့် ဆေးဖိုးမတတ်နိုင်ကြဘူးလို့ ပြောပါတယ်။

ဆေးဖိုးမတတ်နိုင်သူတွေဟာ အနည်းဆုံး ကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးနှံပြီး နောက်ထပ် လာရောက်မထိုးနှံကြတော့ဘူးလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ခွေးကိုက်ခံရသူအများစုမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေနဲ့ ၄၀ ကျော်အရွယ် သက်ကြီးပိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးဖို့ ဆေးဝယ်ယူတဲ့အခါမှာလည်း ကားလမ်းပိတ်တာ၊ ဆေးထည့်ဖို့ ရေခဲပုံးမရှိတာ စတာတွေကြောင့် ဆေးမရနိုင်တဲ့ အခက်ခဲတွေရှိပြီး ခွေးရူးကာကွယ်ဆေးမထိုးလိုက်ရတဲ့ သူတွေလည်းရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆက်ပြောပါတယ်။

“အခက်ခဲရှိတာပေါ့ ခွေးရူးကာကွယ်ဆေးက လမ်းပိတ်တယ်လေး  တောင်ကြီးဆိုလို့ရှိရင် ကျမတို့ တောင်ကြီးအထိမှာရတာ ပြီးတော့ သူက ဒီတိုင်းပဲတင်လို့မရဘူး။ ရေခဲနဲ့သယ်ရတယ် ရေခဲပုံး အဆင်မပြေတဲ့ခါမျိုးလည်းရှိတယ်။ ကားမထွက်တဲ့ခါမျိုးဆိုလို့ရှိရင် ဆေးမရဘူးပေါ့နော။ တချို့တွေဆို ခွေးကိုက်ပြီးတော့မှ ဆေးမထိုးလိုက်ရတာတွေရှိတယ်ပေါ့” လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလအစိုးရ (IEC) ရဲ့ မွေးမြူရေးနှင့် ကုသရေးဌာနကနေ တိရိစ္ဆာန်ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစ လက်လှမ်းမီသလောက် ဆောင်ရွက်နေပြီး တိရိစ္ဆာန်အကောင်ရေ ၅,၇၀၀ ဝန်းကျင်ကို ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့သလို အဲ့ဒီထဲမှာ ခွေးရူးရောဂါကာကွယ်ဆေးအတွက် ခွေးအကောင်ရေ ၂၀၀ ကို ထိုးနှံပေးခဲ့တယ်လို့ ပြောပါတယ်။

နေရာဒေသအခက်အခဲနဲ့ သွားလာရေးအဆင်မပြေမှုတွေကြောင့် တိရိစ္ဆာန်ကာကွယ်ဆေး ထိုးနှံပေးဖို့ နေရာအားလုံးကို လက်လှမ်းမမီသေးဘူးလို့ ပြောဆိုထားပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...