နိုင်ငံတကာသတင်းထောက်များ ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်းမှ ပြန်ဖွင့်ပေးရန် IPCM တောင်းဆို

နိုင်ငံတကာသတင်းထောက်များ ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက် ကန့်သတ်ပိတ်ပင်ခြင်းမှ ပြန်ဖွင့်ပေးရန် IPCM တောင်းဆို

မြန်မာနိုင်ငံတွင် မတ်လ (၂၈) ရက်‌နေ့ကဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်လှုပ်ခတ်မှုမှ ထိခိုက်သေကြေ၊ ပျက်စီးမှုအခြေအနေများ‌အပေါ် နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက် ကန့်သတ်ပိတ်ဆို့မှုမှ ပြန်ဖွင့်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က စစ်ကောင်စီကို တောင်းဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ မြေငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ တောင်ငူ  အစရှိသည့်မြို့များ ပျက်စီးခဲ့ရသည့်အပေါ် ပြည်ပမီဒီယာများက နိုင်ငံဝင်ရောက်သတင်းရယူလိုမှုကို စစ်ကောင်စီဘက်က လုံခြုံရေးတာဝန်မယူနိုင်သည့် အကြောင်းပြချက်ဖြင့် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

သတင်းမီဒီယာသည် လက်ရှိ မြေပြင်တွင် ဖြစ်ပွားလျက်ရှိသည့် သတင်းအချက်အလက်များကို‌ အမှန်တကယ် အကူအညီလိုအပ်နေသူများ၊ အကူအညီပေးလိုသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံ ပေးပို့ခြင်းဖြင့် ပံ့ပိုးကူညီပေးနိုင်သောကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာသတင်းထောက်များကို သတင်းယူရန် ပြည်ဝင်ခွင့်နှင့် ဗီဇာ ခွင့်ပြုပေးရမည်ဟု IPCM က ဆိုသည်။

ထို့အပြင် အင်တာနက် ကန့်သတ်ပိတ်ပင်ထားမှုသည် လတ်တလောအကြပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်သဖြင့် အများပြည်သူအကျိုးစီးပွားအရ အင်တာနက်ပြန်ဖွင့်‌ပေးရန်ကိုလည်း IPCM က ထောက်ပြတောင်းဆိုသည်။

"နာဂစ်တုန်းကလိုပဲ အခုလည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ  မြေပြင်မှာ ဘယ်လောက်လိုအပ်နေတယ်ဆိုတာ ဖုံးဖိထားချင်လို့ နိုင်ငံတကာသတင်းထောက်တွေကို ပေးမဝင်ဘူးလို့ပဲ ကျ‌နော်တို့ ယူဆတယ်။ အင်တာနက်ဆိုတာလည်း သတင်းအချက်အလက် မြန်မြန်စီးဆင်းဖို့ သိရှိနိုင်တဲ့အရာ။ အခုကျတော့ အာဏာသိမ်းပြီးကတည်းက အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားတာ၊ ဒါကြောင့် ငလျှင်ဒဏ်ခံရတဲ့ ပြည်သူတွေကို မြန်မြန်ကယ်နိုင်ဖို့ ကျနော်တို့ဒီလိုတောင်းဆိုရတာလည်း ဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ IPCM အဖွဲ့ဝင် ဦးရဲ‌နည်က ပြောသည်။

အင်အားပြင်းငလျှင်လှုပ်ခတ်မှုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့တို့တွင်ပါ သက်ရောက်မှုရှိခဲ့သည်ဆိုသော်လည်း ထိခိုက်ပျက်စီးမှု အများဆုံးမှာ မြန်မာနိုင်ငံကဖြစ်ပြီး လက်ရှိအချိန်ထိလည်း လိုအပ်ချက်များစွာရှိနေကြောင်း ဒေသအလိုက် သတင်းအရင်းအမြစ်များမှ သိရသည်။

နိုင်ငံတကာမှလည်း အရေးပေါ်တုံ့ပြန်မှုအနေဖြင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခြင်း၊ လိုအပ်သည့် စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့် အကူအညီများ ပေးလျက်ရှိသည်။

ထိုအထဲ၌ အမေရိကန်ပြည်ထောင်စုမှပေးလာသည့် Starlink ဆက်သွယ်ရေးစနစ်အကူအညီများလည်း ပါဝင်လာရာ စစ်ကောင်စီအနေဖြင့် မြန်မြန်ဆန်ဆန် လက်ခံသုံးစွဲသင့်သည်ဟု IPCM က ထောက်ပြသည်။

အလားတူ နိုင်ငံတကာသတင်းထောက်များအပါအဝင် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများ၏ မြေပြင်ကွင်းဆင်း၍ လုံခြုံစွာ သတင်းယူနိုင်ခွင့်ကိုလည်း စစ်ကောင်စီထံ IPCM က တောင်းဆိုထားပြီး ဖမ်းဆီးခံနေရသည့် သတင်းထောက်များ၏ လက်ရှိအခြေ‌အနေအ‌ပေါ်၌ သတိခြပ်ရမည်ဖြစ်သည်ဟု ထုတ်ပြန်ပြောသည်။

ယင်းတွင် ၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းဒဏ်ခံရမှုအပေါ် သတင်းသွားယူသည့် Myanmar Now သတင်းဌာန၏ သတင်းထောက်တစ်ဦးအား  စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မနှင့် ဆက်သွယ်ရေးပုဒ်မများတပ်၍ အနှစ် ၂၀ ဖမ်းဆီးအကျဥ်းချထားသည့် ဖြစ်စဥ်ကို ဖော်ပြသွားပြီး ၎င်းအပါအဝင် သတင်းသမားများ ပြန်လွှတ်ပေးရန်ကိုလည်း IPCM က ဆက်စပ်တောင်းဆိုသည်။

လက်ရှိ ငလျင်ဘေးဖြစ်စဥ်အတွင်း ပြည်သူ ၃,၀၀၀ ထောင်ကျော်သေဆုံး၍ ၃,၅၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ငလျင်နှင့်ဆက်စပ်ပြီး အချက်အလက်စုဆောင်းပြုစုနေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...