ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို အရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့

ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကို အရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့

 

ကသာတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်လောင်းများ။

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့ မနေ့က နေ့လည် ၂ နာရီဝန်းကျင်လောက်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကသာမြို့ပြင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားနယ်မြေဘက်ကို စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲ ပြင်းထန်ခဲ့ကြတာလို့ သိရပါတယ်။

ကသာမြို့အခြေစိုက် ခမရ ၃၀၉ ကနေ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကြောင်း မြိုပြင်ဘက် စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲစတင်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက KNG ပြောပါတယ်။

“တိုက်ပွဲပြင်းထန်တာ ပက်ပက်စက်စက်ပဲ။ ရုတ်တရက်ကြီးအရင်ကဆို ကင်းပဲပတ်နေတာ။ အခုက စစ်ကြောင်းက အင်အားအများကြီးနဲ့ မြို့ပြင်ကို ဝင်ထိုးလိုက်တာ။ ၁၅ ရက်နေ့ကဆိုရင် မနက်ကတည်းဖြစ်တာ ညအထိ တစ်နေ့လုံးပဲ။ ရန်သူကလည်းကျတာ ပြီးတော့ အရှင်ကလည်း ၂၉ ဦးရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သလို နယ်မြေရှင်းလင်းရေးလုပ်စဥ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်း ၄ လောင်းကိုတော့ မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတစ်ချို့လည်း သိမ်းဆည်းရမိခဲ့ပြီး မနေ့က ညနေပိုင်းလောက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေငြိမ်သွားပြီး စစ်ကောင်စီစစ်ကြောင်းဟာလည်း ခမရ ၃၀၉ တပ်ရင်းထဲ ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ခမရ ၃၀၉ တပ်ရင်းနဲ့ ၄ မိုင်ဝန်းကျင်အကွာ ကသာမြို့ပြင်က နတ်ရေတွင်း၊ ပင်းမလွတ် လမ်းခွတစ်ဝှိုက်မှာဘဲ တိုက်ပွဲပြင်းထန်ခဲ့ကြတာလို့ သိရပါတယ်။

“ဒီအခုတိုက်ပွဲမှာတော့ အရပ်သားကတော့ နစ်နာမှုတွေ ဘာမှပြန်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသတစ်ဝှိုက်က လစဥ်လိုလို ထိတွေ့မှုဖြစ်တယ်။ အမြဲတမ်းလည်း ရန်သူကကင်းပတ်တာမျိုးတွေ ကိုယ့်ဘက်က ကြိုစောင့်တိုက်ခိုက်တာတွေရှိတော့ တစ်ခုခုဆို ပြည်သူကလည်း ဘေးကင်းရာကို ရှောင်ကြတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆက်ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူပေးခဲ့သလို အခုလို တိုက်ပွဲပြင်းထန်မှုမျိုးဟာ ကသာမြို့မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း ဂျူလိုင်လလောက်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ကသာမြို့တွင်းအခြေနေတွေကို သိရဖို့ အခက်အခဲတွေလည်းရှိပြီး ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့လည်း ဒေသခံတွေကို ချိတ်ဆက်ဖို့ KNG က ကြိုးစားနေဆဲဖြစ်ပါတယ်။

ကသာမြို့နယ်ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်သလို လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်း မဝေးလှဘဲ စစ်ရေးအရ အရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့လို့ ကာကွယ်ရေးတပ်တွေဘက်က ဆိုကြပါတယ်။

ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ ကသာမြို့နယ်မှာ ကချင်ပြည်နယ်နဲ့ နယ်ချင်းစပ်မှာရှိပြီး ၂၀၁၄ သန်ခေါင်းစာရင်းအရ လူဦးရေ ၁ သိန်း ၆ သောင်းရှိပြီး စစ်ကိုင်းတိုင်းထဲက ခရိုင်မြို့လေးတစ်မြို့ဖြစ်သလို ကသာမြို့ကို ကားလမ်း၊ ရထားလမ်းအပြင် ရေကြောင်းလမ်းနဲ့ပါ သွားလာနိုင်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...