ဧရာဝတီရောက် ရခိုင်စစ်ရှောင်အချို့ စားသောက်ရေးကျပ်တည်း၍ ထမင်းလျော့စားနေရ

ဧရာဝတီရောက် ရခိုင်စစ်ရှောင်အချို့ စားသောက်ရေးကျပ်တည်း၍ ထမင်းလျော့စားနေရ

ရခိုင်ပြည်၊ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်တို့မှ ဧရာဝတီတိုင်းသို့ စစ်ဘေးတိမ်းရှောင်သူများမှာ လက်ရှိတွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် ထမင်းလျော့စားနေကြရသည်ဟု သတင်းရရှိသည်။

ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်၊ ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံမြို့တို့တွင် ဧရာတတီစစ်ဘေးရှောင် သောင်းနှင့်ချီမှာ ခိုလှုံနေထိုင်လျက်ရှိပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် စားသောက်ရေး ကျပ်တည်းလာနေခြင်းဖြစ်သည်။

“တခြားမြို့နယ်တွေကိုတော့ မသိဘူး။ ပုသိမ်ဘက်မှာတော့ ဥပမာ တစ်နပ်စာအတွက် ဆန်သုံးဗူးစားရင် တစ်ဗူးပဲ စားနေရတယ်။ နေ့တိုင်းတော့ မဟုတ်ဘူးပေါ့။ အလုပ်လုပ်ရတဲ့နေ့တွေဆိုရင်တော့ ပုံမှန်စားရတာပေါ့” ဟု ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်စစ်ဘေးရှောင်များမှာ နေ့စားအလုပ်သမား၊ ငါးဖမ်းခြင်း၊ ကူလီ၊ ပန်းရံ စသဖြင့် ကြုံရာကျပန်းလုပ်ကိုင်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြခြင်းဖြစ်သည်။

သို့သော်လည်း ဧရာဝတီတွင် စစ်မှုထမ်းခေါ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်မှုများ ရှိလာနေခြင်းကြောင့် ရခိုင်စစ်ရှောင်များအတွက် အလုပ်အကိုင် ရှားပါးလာနေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

“ဒေသခံတွေ ရှောင်ကြတော့ စစ်ရှောင်တွေထဲ ကျပန်းလုပ်တဲ့လူတွေက အရမ်းအခက်တွေ့သွားတယ်။ အလုပ်ရှင်တွေ ရှောင်သွားတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေ ကျန်ခဲ့ရတယ်။ အခုလို အလုပ်မရှိဖြစ်သွားတော့ အရင်ထက် ပိုကျပ်တည်းသွားကြတယ်” ဟု ရွှေသောင်ယံမြို့တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင် စစ်ဘေးရှောင်များမှာ ဧရာဝတီ ဒေသခံများ၏ မြေကွက်လပ်အချို့တွင် တဲအိမ်ဆောက်လုပ်ကာ နေထိုင်ခြင်းအပြင် ဘုန်းကြီးကျောင်း၊ ဆွေမျိုးများနေအိမ်နှင့် နေအိမ်ငှားရမ်းကာ နေထိုင်လျက်ရှိသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းနှင့် နေအိမ်ငှားရမ်းခ ၂ သိန်းထက်မနည်း ဈေးမြင့်တက်နေသောကြောင့် စစ်ဘေးရှောင်များမှာ ပို၍ ကျပ်တည်းလာနေကြသည်ဟု ပြောဆိုကြသည်။

ထိုသို့ စားသောက်ရေး ကျပ်တည်းလာ၍ ရခိုင်စစ်ရှောင်များမှာ လမ်းပေါ်တက်ကာ တောင်းရမ်းစားသောက်မှုများ များပြားလာနေသည်ဟု သိရသည်။

“လမ်းပေါ်မှာ အခု အလှူခံတဲ့လူတွေကို ပိုတွေ့လာရတယ်။ အသက်အန္တရာယ်ကို စိုးရိမ်လို့သာ ထွက်ပြေးလာကြတာ။ ပိုက်ဆံချမ်းသာလို့ လာကြသူတွေမဟုတ်တော့ ဒီမှာ စားသောက်ရေးက ခက်ခဲလာတယ်။ အလုပ်အကိုင်မရှိတော့ ပိုဆိုးတယ်” ဟု ဧရာဝတီတိုင်းရှိ သာပေါင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဧရာဝတီတိုင်းအတွင်း ၁၁ မျဉ်းစောင်းကိုင်ဆောင်သည့် ရခိုင်စစ်ဘေးရှောင်များအား စစ်ဆေးရေးဂိတ်များတွင် ရက်အတန်ကြာ ဖမ်းဆီးပြီး ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ၂၀၂၄ ခုနှစ်အစပိုင်းတွင်လည်း ရွှေသောင်ယံနှင့် ချောင်းသာမြို့တွင် လာရောက်ခိုလှုံနေထိုင်သည့် ရခိုင်စစ်ဘေးရှောင်များအား ပင်လယ်၌ ငါးဖမ်းခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...