ရေးမြောက်ပိုင်းရှိ ရွာအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်ထားသဖြင့် သွားလာရေးခက်ခဲနေ

ရေးမြောက်ပိုင်းရှိ ရွာအတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်ထားသဖြင့် သွားလာရေးခက်ခဲနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ကားလမ်းမအရှေ့အပိုင်းနှင့် အနောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာတို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း စစ်ကောင်စီအဖွဲ့တို့ ကျေးရွာအတွင်း၊ ရွာအပြင်နှင့် အမှတ် ၈ လမ်းမကြီးတို့တွင် စစ်ဆေးဂိတ် တိုးချဲဖွင့်လှစ်ထားသဖြင့် ဒေသခံတို့ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

ကွမ်းဒူး၊ ကွမ်းသီးတော၊ တောင်ဘုံ၊ သောင်ပြင်၊ အာယုတောင်စသည့် ရွာအတွင်းအပြင်နှင့် ရွာချင်းဆက်လမ်းတို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့သည် စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ခြင်း၊ ဖြတ်သန်းသွားလာခွင့် ကတ်သတ်ခြင်း၊ လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းခြင်းတို့ကို အဓိက လုပ်ဆောင်နေကြောင်း ရေးဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တို့သည့် အာယုတောင်အခြေစိုက် ခမရ (၃၄၃) နှင့် ရေးမြို့အခြေစိုက် ခမရ (၅၈၇) မှ စစ်ကောင်စီတပ်သားတို့က နေရာယူဖွင့်လှစ်ထားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။

”၃၄၃ တပ်သားနဲ့ ၅၈၇ကတပ်သားတွေရော ပြီးတော့ ခံသင်းဘက်က တပ်သားတွေနဲ့ရော ပေါင်းပြီး စစ်တယ်ရစ်တယ်၊ တောင်ဘုံ၊သောင်ပြင်တို့ကဘက်လဲ စစ်ရေးတင်းကြပ်ထားတယ်၊ သူများလဲမသွားလာရဲဘူး၊ သူတို့က ကား၊ ဆိုင်ကယ် လိုင်စင်မဲ့လဲဖမ်းနေတယ် ပိုက်ဆံလဲယူတယ်‌” ဟု ဒေသခံအမျိူးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်လည်း ကွန်ဒူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အကျဆုံးရှိခဲ့ကြောင်း သိရသည်။

ရေးဘီးလူးအဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ အဆိုပါဒေသတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ဒေသခံတို့မှ ရေးဘီးလူးအဖွဲ့နှင့် ပတ်သတ်ဆက်နွယ်ခြင်း ရှိ/မရှိ အကြောင်းမဲ့ စစ်ဆေးနေကြောင်းလည်း ဒေသခံ ခြံလုပ်သားတစ်ဦးက ပြောသည်။

”ခြံကနေပြန်လာရင် သူတို့မေးပြီ။ ရေးဘီလူးအဖွဲ့တွေကိုတွေ့လား မတွေ့လား။ မတွေ့ရင်လဲ ပြောအုံးမယ်။ ဘာလိုမတွေ့ရတာလဲဆိုပြီးတော့ ခနကလူတွေတွေ့တယ် နင်တို့က မတွေ့ဘူး ရစ်တယ်မပေးသွားဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာယုတောင်ကျေးရွာ ဥက္ကဠလင်းဦးမှ ‌ရွာသို့ပြန်လည်ရောက်လာသည့်နောက် ခမရ- ၃၄၃၊ ခမရ-၅၈၇ တို့မှ စစ်အင်အားဖြည့်ခြင်း၊ စစ်ဆေးရေး တင်းကြပ်လာခြင်း၊ ဂိတ်စခန်းအသစ်များ ပြုလုပ်လာခြင်း၊ ငွေကြေး‌တောင်းခံမှုများလာကြောင်းလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

အများပြည်သူသုံး လမ်းပိုင်းတစ်လျှောက် အင်အားအမြောက်အများဖြင့် နေရာယူထားသည့်အတွက် ဒေသခံတို့ တစ်ရွာနှင့်တစ်ရွာ ဖြတ်သန်သွားမှု မလုပ်ဆောင်လို့သည့်အပြင် စစ်ကောင်စီတပ်စခန်းအနီးရှိ ခြံလုပ်ငန်းလုပ်ကိုင်သူအများစုတို့လည်း အသွားအလာမလုပ်ဆောင်ရဲပေ။

ထို့ကြောင့် တော်လှန်ရေးအင်အားစု အားကောင်းသည့်ရေးမြို့နယ်ကို စစ်ရေးဖော်ဆောင်မှုများ ပိုမိုလုပ်ဆောင်ပြီး ဒေသခံတို့၏ လုံခြုံရေးကို တော်လှန်ရေးအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ရန်လိုအပ်ကြောင်း မွန်နိုင်ငံရေးသုံးသပ်သူတို့က တိုက်တွန်းလျှက်ရှိသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...