AA သိမ်းထားသည့် ကျိန္တလီကို ယခုရက်ပိုင်း စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

AA သိမ်းထားသည့် ကျိန္တလီကို ယခုရက်ပိုင်း စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ဘဝင်ကျေးရွာကို ယခု ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ကျိန္တလီမြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်အပြင် ကျိန္တလီမြို့၊ ဘဝင်ကျေးရွာနှင့် ကံ့ကော်တောင်ကျေးရွာတို့ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)၊ ညနေ ၄ နာရီခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ကို ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“မနေ့က ဂျက်နဲ့ ဗုံးသီး နှစ်လုံးလာချတာ။ တစ်ယောက်ကတော့ ကျောမှာ အစမှန်ပြီး ဒဏ်ရာရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ အသက် ၄၁ နှစ်အရွယ် ဦးချစ်ကြီးဖြစ်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ကျိန္တလီမြို့၊ ဘဝင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၈ ရက်ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီက ဗုံးကြဲမှုပြုလုပ်ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ကျိန္တလီမြို့၊ ကံ့ကော်တောင်ကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၄ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်။

ယခုကဲ့သို့ မကြာခဏ ဗုံးကြဲမှုများပြုလုပ်နေသဖြင့် ကျိန္တလီဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုများ ရှိနေကြသည်။

“ကျိန္တလီမြို့နဲ့ ဒီတဝိုက်ကိုပဲ ဗုံးကြဲနေတော့ ဆက်နေရမလား။ ထွက်ပြီး ရှောင်ရမလားမသိတော့ဘူး။ ဆက်တိုက်ဆိုသလိုပဲ ဒီလထဲ သုံးလေးကြိမ်ရှိနေပြီ။ တိုက်ပွဲပြီးသွားလည်း လေယာဉ်သံကြောင့် ဆောက်တည်ရာမရ ဖြစ်နေပြီ။ ဘယ်နေရာနေနေ မလုံခြုံသလို ခံစားနေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက အရပ်သားနေထိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသဖြင့် ထိခိုက်သေဆုံးမှုများမှာ မြင့်တက်လာနေသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ ရက်မှ ၁၂ ရက်နေ့အထိ ရခိုင်ပြည်ရှိ ကျောက်တော်နှင့် ဂွမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့သဖြင့် အရပ်သားထိခိုက်သေဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း DMG ၏ စာရင်းအရ သိရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...