ဟုမ္မလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များ မျှောမီးခုံမြေနေရာတွေမှာ နေထိုင်နေကြရပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ ခက်ခဲနေ

ဟုမ္မလင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များ မျှောမီးခုံမြေနေရာတွေမှာ နေထိုင်နေကြရပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ ခက်ခဲနေ

ဟုမ္မလင်းမြို့နယ် ပင်းမခေါ်ကျေးရွာဘက်ကို  စစ်ဘေးတိမ်းရှောင်လာကြသူတွေဟာ နေထိုင်မှုနဲ့ စားနပ်ရိက္ခာ မလောက်ငှမှု အခက်အခဲများ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တိမ်းနေသူများထံမှ သိရပါတယ်။

 အချို့သော စစ်ဘေးရှောင်တွေဟာ ရွှေတူးဖော်ပြီးသားမြေတွေဖြစ်တဲ့ (မျှောမီးခုံ) မြေနေရာတွေမှာ နေထိုင်နေကြရပြီး ပြီးခဲ့တဲ့နှစ်က နေထိုင်စရိတ် မပေးဆောင်ရပေမယ့် ယခုနှစ်မှာ အခကြေးငွေ ပေးဆောင်နေရတာကြောင့် ငွေကြေးမလောက်ငှမှုအခက်အခဲ ကြုံနေရတယ်လို့ ဆိုကြပါတယ်။

“ဒုက္ခရောက်လို့ နေစရာမရှိလို့ ဒီကိုရောက်ခဲ့ကြတာလေ။ ကျွန်တော်တို့က ညနေဆို မုန့်တွေထွက်ပြီး ခင်းရောင်းတာပေါ့။ ဆိုင်ကြီး ကန္နားကြီး အကြီးကြီးနဲ့ ရောင်းနေတာမဟုတ်ဘူး။ အခုက တစ်လငါးသောင်းပေးရတော့မယ်တဲ့” ဟု စစ်ဘေးတိမ်းရှောင်လာတဲ့ လွှစင်ကုန်းကျေးရွာသားတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ယမန်နှစ်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ စားနပ်ရိက္ခာ အထောက်အပံ့အကူအညီများကို အနည်းငယ်ရရှိခဲ့ပေမယ့် ဒီလပိုင်းတွေမှာ အကူအညီများရရှိခြင်း မရှိတော့ကြောင်း သိရပါတယ်။

“အခက်အခဲကြုံနေရတာပါ့။ ပိုက်ဆံပေးစရာမရှိတော့ စားစရာကိုမရှိတာပါ။ မနေ့က ဆန်လေးတစ်တင်းလေး သူများထောက်ပံ့ပေးခဲ့တာ ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ အိမ်က အဘိုးကြီးကို ပြောနေတာ။ မြေခ တစ်လ လေးငါးသောင်းဆိုလည်း ကျွန်မတို့ ဝင်ငွေမရှိတဲ့သူတွေက တော်တော်လေး အခက်အခဲဖြစ်နေတာ။ တစ်သိန်းဖြစ်ဖြစ် ငါးသောင်းဖြစ်ဖြစ် မပေးနိုင်တဲ့အနေအထားပေါ့။ တစ်ရက်လုပ်မှ တစ်ရက်စားရတာဆိုတော့လေ” ဟု နန့်စကား စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် သောက်သုံးရေ မသန့်ရှင်းမှုနဲ့ ရိက္ခာပြတ်လပ်မှုများလည်း ဖြစ်ပေါ်နေပြီး ယနေ့အချိန်အထိ ၎င်းတို့နေရပ်ထံကိုလည်း ပြန်လည်ဝင်ရောက်နေထိုင်လို့ မရနိုင်သေးကြောင်းလည်း သိရပါတယ်။

ရှမ်းနီးအမျိုးသားတပ်မတော် (SNA) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ရဲ့ တိုက်ပွဲများကြောင့် ဟုမ္မလင်း-ရွှေဘို ဗျူဟာလမ်းပေါ်ရှိ ကျေးရွာများဖြစ်တဲ့ ပေါက်ပင်၊ နန့်စကား၊ နောင်ပိုအောင်၊ လွှစင်ကုန်း၊ နားမော် စတဲ့ကျေးရွာတွေရှိ ဒေသခံများက ပင်းမခေါကျေးရွာအပါအဝင် နန့်တော၊ ဟုမ္မလင်းမြို့၊ ခေါင်ခမ်းကျေးရွာတွေဆီကို စစ်ဘေးတိမ်းရှောင်လာတာ တစ်နှစ်ခန့်ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...
February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...