မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေး တောင်သူတွေရဲ့ တောင်းဆိုချက် စစ်ကောင်စီ အကြောင်းမပြန်

မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေး တောင်သူတွေရဲ့ တောင်းဆိုချက် စစ်ကောင်စီ အကြောင်းမပြန်

မွန်ပြည်နယ်မှာ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာစိုက်တောင်သူတွေရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က အချိန်တစ်လကျော်တဲ့အထိ အကြောင်းပြန်တာ မရှိသေးဘူးလို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မွန်ပြည်နယ် စစ်ကောင်စီနဲ့ ရော်ဘာလုပ်ငန်းရှင် အစုအဖွဲ့တွေအပါအဝင် ရော်ဘာကဏ္ဍနဲ့ သက်ဆိုင်သူတွေ စုပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့တာပါ။

အဲဒီအလုပ်ရုံဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ရလဒ်တွေကို အချက်အလက်တွေနဲ့တကွ တင်ပြဖို့နဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေအား ကူညီဖြေရှင်းပေးမယ်လို့ စစ်ကောင်စီဘက်က ကတိပြုထားပေမယ့် လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။

အမည်မဖော်လိုတဲ့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက အလုပ်ရုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို စစ်ကောင်စီထံ အသေးစိတ် တင်ပြထားပေမယ့် အချိန်တစ်လကျော်ကြာတဲ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးပွဲရလဒ်တွေကို တင်ပြထားပြီးပြီ။ ဒီကနေ့အထိ ဘာမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ မရှိသေးဘူး။ တစ်လလည်းကျော်သွားပြီ။ ကျွန်တော်တို့လည်း ထိုင်စောင့်နေတယ်။ ဘာအမိန့်ညွှန်ကြားစာမှ မထွက်လာသေးဘူး။ ကျွန်တော်တို့ လိုချင်တာက အောက်ခြေမှာ ဖြစ်ပျက်တဲ့အရာတွေကို ကူညီပေးဖို့ပါ” လို့ ဆိုပါတယ်။

ရော်လုပ်ငန်းရှင်တွေရဲ့ အဆိုအရ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာသယ်ဆောင်ရာမှာ ငွေကြေးမတောင်းခံဖို့၊ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖြေလျော့ပေးဖို့အပါအဝင် အချက် ၂၀ ကျော် စစ်ကောင်စီထံ တင်ပြတောင်းဆိုထားတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိ ရော်ဘာသယ်ဆောင်ရာမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ငွေကြေး အဆမတန်တောင်းခံတာနဲ့ ရော်ဘာကုန်ကြမ်းပစ္စည်း သယ်ဆောင်ရာမှာလည်း ထောက်ခံချက်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေ တောင်းပြီး ငွေညှစ်နေဆဲဖြစ်တယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ရော်ဘာလုပ်ငန်းရှင်တွေကို ရော်ဘာအထွက်နှုန်းနဲ့ အရည်အသွေးမြင့်မားအောင်လုပ်ဖို့၊ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ဖို့၊ ပြည်ပတင်ပို့ဖို့အပြင် သတ်မှတ်စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်တယ်လို့ ကတိပြုထားပါတယ်။

ဒေသတွင်းက ရော်ဘာလုပ်ငန်းတွေဟာ စစ်ကောင်စီလက်ထက် သွင်းအားစုနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ကျွမ်းကျင်လုပ်သားရှားပါးလာတာ၊ လုံခြုံရေးအခြေအနေကြောင့် အစေးမခြစ်နိုင်တဲ့ ရော်ဘာစိုက်ဧက သိန်းနဲ့ချီရှိနေတာ စတာတွေ ကြုံတွေ့နေရတာပါ။

မွန်ပြည်နယ်ဟာ နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးစိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ရော်ဘာစိုက်ပျိုးမှုအနေနဲ့ ဧကပေါင်း ငါးသိန်းကျော်ရှိကာ နှစ်စဉ် ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေပါတယ်။

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...