ဟွန်ဒီငွေလဲလုပ်ကိုင်သူ ဆယ်ချီ ဖမ်းဆီးအမှုဖွင့်ခံရ

ဟွန်ဒီငွေလဲလုပ်ကိုင်သူ ဆယ်ချီ ဖမ်းဆီးအမှုဖွင့်ခံရ

တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့ ဟွန်ဒီငွေလဲလုပ်ကိုင်သူ ၁၅ ဦးကို အမှုဖွင့်တရားစွဲထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

နိုင်ငံခြားငွေဈေး မြင့်တက်လာတဲ့အတွက် စစ်ကောင်စီဗဟိုဘဏ်နဲ့ ပြည်ထဲရေးဌာနပူးပေါင်းအဖွဲ့ဟာ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်အသုံးပြုပြီး ငွေလွှဲတွေ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်နေတဲ့ လူပုဂ္ဂိုလ် ၉ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး ၆ ဦးကို သက်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုတင်ပို့ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာကတဆင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်တဲ့ Facebook Group ၁၂ ခု၊ Facebook Page ၅ ခုနဲ့ လူပုဂ္ဂိုလ်အပြင် Facebook အကောင့်ပိုင်ရှင် ၁၀ ဦးကိုလည်း အရေးယူနိုင်ဖို့ စိစစ်ဖော်ထုတ်နေတယ်လို့ ဆိုထားပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ နိုင်ငံခြားငွေ ဈေးနှုန်းကစားတဲ့ စီးပွားရေးလုပ်ငန်းရှင်အများစုဟာ စစ်ကောင်စီလက်အောက်ခံတွေကို လာဘ်ပေးပြီး ဈေးကစားတာဖြစ်သလို ဖမ်းဆီးပြီး အရေးယူမှု ကောင်းကောင်းမရှိတာကြောင့်လည်း ဈေးတွေထက်တက်နေအုံးမယ်လို့ ပြောပါတယ်။

“အဓိက စီးပွားရေးလုပ်ငန်းရှင်အများစုကလည်း ဒီကာလမှာ စီးပွားရေးလုပ်လို့ အကောင်းဆုံး။ ဒီရွေးကောက်ပွဲတွေ ဘာတွေမတိုင်ခင်မှာ သူတို့ကလည်း ဈေးကစားဖို့ကို လာဘ်ပေးပြီး ကြိုးစားမှာပဲ။ အဲဒီတော့ ဈေးကစားတဲ့သူတွေကလည်း လောလောဆယ်မှာ ကစားလို့ရသမျှကစားပြီး သူတို့ အကျိုးစီးပွားကို ရှာမယ်။ ဖမ်းတဲ့သူတွေကလည်း ဖမ်းဆီးတာတို့ အရေးယူတာတို့ကို သေချာမလုပ်ဘူး လာဘ်စားမယ်။ အဲဒီလို အခြေအနေမျိုးတွေမှာ ဈေးကစားမှုကြောင့် တက်တာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီက တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူ အများစုဟာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူတွေသာဖြစ်ပြီး အဓိကလုပ်ကိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေကို မဖမ်းဆီးရင် ဈေးကစားတာတွေ မပပျောက်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဇန်နဝါရီပထမပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၄၃၀၀ ဝန်းကျင်မှ လက်ရှိကျပ် ၄၇၀၀ ဝန်းကျင်၊ ထိုင်းဘတ်ငွေကလည်း တစ်ဘတ်ကို ကျပ် ၁၂၀ ဝန်းကျင်ကနေ ကျပ် ၁၄၀ ဝန်းကျင်ထိ မြင့်တက်လာတဲ့အပြင် တခြားနိုင်ငံခြားငွေ ဈေးနှုန်းတွေလည်း မြင့်တက်နေတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုမဖြစ်အောင် သွင်းကုန်လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးတာ၊ နိုင်ငံခြားကို ဆေးကုတာ၊ ပညာတော်သင်သွားတာ၊ ဘုရားဖူးသွားတာနဲ့ အလုပ်အကိုင်ကိစ္စနဲ့ ထွက်ခွာမယ့်သူတွေအတွက် အသေးသုံးနိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်က ထုတ်ပေးထားတဲ့ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးတွေကို ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်တာကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူတာတွေ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...