ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ

ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ရမ်းဗြဲတွင် နေရပ်မပြန်နိုင်ကြသေးသည့် ဒေသခံများအပြင် ကျောက်ဖြူ၊ စနဲနှင့် တောင်ကုတ် စသည့် မြို့နယ်များမှ လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များလည်းပါဝင်ပြီး မြို့နယ်အနှံ့ စစ်ဘေးရှောင်စခန်းများတွင် ပြန့်ကြဲနေထိုင်နေကြရကြောင်း သိရသည်။

ရမ္မာမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ နေရာတိုင်းနီးပါးမှာရှိနေတယ်။ ကျနော်တို့ ကူညီနေပေမယ့် ဆန်အပါအဝင် စားနပ်ရိက္ခာတွေ၊ ဆေးဝါးကအစ လိုအပ်နေတုန်းပဲ။ ဆေးရုံဆေးခန်း အခက်အခဲလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်  အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။

ထို့အပြင် ရမ်းဗြဲတွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများ နည်းပါးသဖြင့်လည်း စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲတွင် စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ် များနေတယ်။ ဒီကလူတွေက ကူညီကြတာဟုတ်ပေမယ့် ကိုယ့်မှာ အလုပ်အကိုင်မရှိတော့ မိသားစုတစ်ခုလုံးအတွက်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စားဖို့သောက်ဖို့တောင် အများကြီးတွေးပူရတယ်” ဟု ပြောသည်။

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်မှု နောက်ဆက်တွဲအဖြစ် ဒေသခံများမှာ ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

“ရမ်းဗြဲမှာက နာတာရှည်ရောဂါတို့ဆိုရင် ဆေးကုသဖို့အခက်အခဲရှိတော့ ပြည်မဘက်ကိုသွားပြီး ဆေးကုသဖို့လုပ်ရင်လည်း ထွေ/အုပ်ထောက်ခံစာတို့ ဘာတို့ အပြည့်အစုံရမှ လေကြောင်းနဲ့ သွားလို့ရတာ။ ဒီအထောက်အထားတွေကို စောင့်ရင်းနဲ့ပဲ ဆေးကုသမှုမခံယူနိုင်ဘဲ အသက်ဆုံးသွားရတာတွေလည်း ရှိတယ်” ဟု ရမ္မမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ၅၅၀,၀၀၀ ကျော်အထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...