ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ

ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ရမ်းဗြဲတွင် နေရပ်မပြန်နိုင်ကြသေးသည့် ဒေသခံများအပြင် ကျောက်ဖြူ၊ စနဲနှင့် တောင်ကုတ် စသည့် မြို့နယ်များမှ လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များလည်းပါဝင်ပြီး မြို့နယ်အနှံ့ စစ်ဘေးရှောင်စခန်းများတွင် ပြန့်ကြဲနေထိုင်နေကြရကြောင်း သိရသည်။

ရမ္မာမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ နေရာတိုင်းနီးပါးမှာရှိနေတယ်။ ကျနော်တို့ ကူညီနေပေမယ့် ဆန်အပါအဝင် စားနပ်ရိက္ခာတွေ၊ ဆေးဝါးကအစ လိုအပ်နေတုန်းပဲ။ ဆေးရုံဆေးခန်း အခက်အခဲလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်  အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။

ထို့အပြင် ရမ်းဗြဲတွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများ နည်းပါးသဖြင့်လည်း စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲတွင် စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ် များနေတယ်။ ဒီကလူတွေက ကူညီကြတာဟုတ်ပေမယ့် ကိုယ့်မှာ အလုပ်အကိုင်မရှိတော့ မိသားစုတစ်ခုလုံးအတွက်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စားဖို့သောက်ဖို့တောင် အများကြီးတွေးပူရတယ်” ဟု ပြောသည်။

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်မှု နောက်ဆက်တွဲအဖြစ် ဒေသခံများမှာ ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

“ရမ်းဗြဲမှာက နာတာရှည်ရောဂါတို့ဆိုရင် ဆေးကုသဖို့အခက်အခဲရှိတော့ ပြည်မဘက်ကိုသွားပြီး ဆေးကုသဖို့လုပ်ရင်လည်း ထွေ/အုပ်ထောက်ခံစာတို့ ဘာတို့ အပြည့်အစုံရမှ လေကြောင်းနဲ့ သွားလို့ရတာ။ ဒီအထောက်အထားတွေကို စောင့်ရင်းနဲ့ပဲ ဆေးကုသမှုမခံယူနိုင်ဘဲ အသက်ဆုံးသွားရတာတွေလည်း ရှိတယ်” ဟု ရမ္မမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ၅၅၀,၀၀၀ ကျော်အထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...