ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ

ရမ်းဗြဲတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။
ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရမ္မာမြီစစ်ဘေးကူညီရေးအဖွဲ့။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စစ်ဘေးရှောင် ၂,၀၀၀ ကျော်မှာ စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ရမ်းဗြဲတွင် နေရပ်မပြန်နိုင်ကြသေးသည့် ဒေသခံများအပြင် ကျောက်ဖြူ၊ စနဲနှင့် တောင်ကုတ် စသည့် မြို့နယ်များမှ လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များလည်းပါဝင်ပြီး မြို့နယ်အနှံ့ စစ်ဘေးရှောင်စခန်းများတွင် ပြန့်ကြဲနေထိုင်နေကြရကြောင်း သိရသည်။

ရမ္မာမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ နေရာတိုင်းနီးပါးမှာရှိနေတယ်။ ကျနော်တို့ ကူညီနေပေမယ့် ဆန်အပါအဝင် စားနပ်ရိက္ခာတွေ၊ ဆေးဝါးကအစ လိုအပ်နေတုန်းပဲ။ ဆေးရုံဆေးခန်း အခက်အခဲလည်း ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ စစ်ဘေးရှောင်များမှာ အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့်  အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။

ထို့အပြင် ရမ်းဗြဲတွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းများ နည်းပါးသဖြင့်လည်း စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲတွင် စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ် များနေတယ်။ ဒီကလူတွေက ကူညီကြတာဟုတ်ပေမယ့် ကိုယ့်မှာ အလုပ်အကိုင်မရှိတော့ မိသားစုတစ်ခုလုံးအတွက်က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စားဖို့သောက်ဖို့တောင် အများကြီးတွေးပူရတယ်” ဟု ပြောသည်။

ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်မှု နောက်ဆက်တွဲအဖြစ် ဒေသခံများမှာ ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

“ရမ်းဗြဲမှာက နာတာရှည်ရောဂါတို့ဆိုရင် ဆေးကုသဖို့အခက်အခဲရှိတော့ ပြည်မဘက်ကိုသွားပြီး ဆေးကုသဖို့လုပ်ရင်လည်း ထွေ/အုပ်ထောက်ခံစာတို့ ဘာတို့ အပြည့်အစုံရမှ လေကြောင်းနဲ့ သွားလို့ရတာ။ ဒီအထောက်အထားတွေကို စောင့်ရင်းနဲ့ပဲ ဆေးကုသမှုမခံယူနိုင်ဘဲ အသက်ဆုံးသွားရတာတွေလည်း ရှိတယ်” ဟု ရမ္မမြီ ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ရှိနေသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေကြရသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ၅၅၀,၀၀၀ ကျော်အထိရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...
January 20, 2026
အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့်...
January 19, 2026
ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅...