မွန်ပြည်နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်းရှိလာ

မွန်ပြည်နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်းရှိလာ

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်သားစုဆောင်းခံထားရတဲ့ ဒီအရေအတွက်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အထိဖြစ်ပြီး လာမယ့်စစ်မှုထမ်း အပတ်စဉ် ၉ အတွက်လည်း စစ်ကောင်စီဘက်က လူသစ်စုဆောင်းမှုတွေ ရှိနေပါတယ်။

စစ်သားစုဆောင်းရာမှာ အရင်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို ငွေကြေးနဲ့ စည်းရုံးနိုင်ခဲ့ပေမယ့် အခု ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ် ၈ မှာတော့ အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေထံ ပို့ဆောင်ခဲ့တာပါ။

မြေပြင်တိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုဟာ အခုနောက်ပိုင်းကာလတွေအတွင်း ရုပ်ပျက်ဆင်းပျက်ဖြစ်လာခဲ့တာပါ။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက စစ်မှုထမ်းစုဆောင်းရာမှာ ဒေသတွင်းက လူငယ်တွေကို ညပိုင်းအချိန်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေအထိ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။

“အခုဆိုရင် ပိုဆိုးတာက ညဘက်ဆိုရင် သူတို့ ပွဲပေးထားတယ်။ ပွဲကအပြန်မှာ သူတို့ စောင့်နေတယ်။ လူငယ်တွေဆိုရင် ကောက်တင်သွားတယ်။ ပိုက်ဆံနဲ့မရွေးနိုင်ရင် စစ်မှုထမ်းထဲပို့မယ်ဆိုတော့ ရွေးနိုင်တဲ့သူက ရွေးရတာပေါ့။ အခုက လူငယ်တွေ တော်တော်သတိထားရမယ်။ လူငယ်တွေ အသွားအလာ အရမ်းကိုဆင်ခြင်ရမယ်။ ဘာလို့ဆို တွေ့သမျှ အကုန်ကောက်ဆွဲနေတာ” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နလံမထူနိုင်လောက်အောင် စစ်ရေးအထိနာခဲ့တဲ့ စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်ပြီး ပျက်ကွက်ပါက အနည်ဆုံးထောင်ဒဏ် ၃ နှစ် ကျခံရနိုင်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းမှုဟာ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားအတွက် တပ်မတော်ကို အသုံးချနေတာဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက တပ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့အတွက် လူငယ်လူရွယ်တွေကို မတရားဖမ်းဆီးနေတယ်။ နောက်တစ်ချက်က ဆုံးရှုံးသွားတဲ့ မြောက်ပိုင်းက နယ်မြေတွေကို စစ်ကောင်စီက အိမ်မက်မက်ပြီးတော့ ပြန်လည်ရယူဖို့ ကြိုးစားနေတယ်။ အခုလို လုပ်ဆောင်ချက်တွေအားလုံးဟာ သူတို့ နိုင်ငံတော်ရဲ့အာဏာကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် တပ်မတော်ကို အသုံးချနေတယ်လို့ ကျွန်တော် ဒီမှာ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းမှုကြောင့် ဒေသတွင်းက လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာတာ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တိမ်းရှောင်ခိုလှုံတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းစုဆောင်းခံရသူတွေကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ စစ်သင်တန်းပေးနေတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ လူဦးရေ ၂၁,၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင်တန်းဆင်းဦးရေ ၁၃,၀၀၀ ကျော်ကို ရှေ့တန်းပို့ဆောင်ထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...