မွန်ပြည်နယ် တောင်ပိုင်းဒေသမှာ စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာ

မွန်ပြည်နယ် တောင်ပိုင်းဒေသမှာ စစ်ကောင်စီ တပ်အင်အားတိုးချဲ့လာ

ဓာတ်ပုံ - CJ

မွန်ပြည်နယ် တောင်ပိုင်းဒေသဖြစ်တဲ့ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့ပြီး စစ်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သံလွင်တိုင်မ်းကို ပြောပါတယ်။

လတ်တလော သံဖြူဇရပ်-ရေး-ထားဝယ် ကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အနီးဝန်းကျင်က ကျေးရွာတွေမှာ ကင်းလှည့်တာ၊ စစ်ကြောင်းလှည့်တာနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ MSRF ပြောခွင့်ရ နိုင်နဂါးက ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်းတွေကိုလည်း ရှေ့ကာကင်းပုံစံမျိုး တည်ဆောက်နေသလို တပ်သားသစ်တွေကိုလည်း ရေလမ်းကြောင်းကနေပို့ဆောင်ကာ အင်အားဖြည့်လာတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ရဲ့ တပ်ရင်းတွေကိုလည်း ဘန်ကာအသစ်တွေ ရှေ့ကာကင်းပုံစံမျိုးနဲ့ စခန်းအသစ်တွေ တည်ဆောက်နေတာမျိုးရှိတယ်။ ဒါပေမယ့် စစ်ကြောင်းထိုးတာတွေတော့ ဒီနေ့တော့ မရှိသေးဘူးဗျ။ အင်အားတွေ ထပ်မံဖြည့်နေတာတော့ အများကြီးရှိတယ်။ သူတို့ရဲ့ စစ်မှုထမ်းသင်တန်းကဆင်းလာတဲ့ တပ်သားအသစ်တွေကို ရေလမ်းကြောင်းကနေတဆင့် တင်သွင်းလာတာရှိတယ်။ သူတို့ရဲ့ တပ်ရင်းတွေမှာ အင်အားဖြည့်လာတာရှိတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာနှောင်းပိုင်းကတည်းက စစ်မှုထမ်းတပ်သားအသစ်တွေနဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ပူးတွဲလှုပ်ရှားနေတာပါ။

ရေးဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ ခါတိုင်းလိုပဲ ဆက်လက်လှုပ်ရှားနေပြီး အင်အားဖြည့်တင်းတာတွေ ကြားနေရပေမယ့် အလှမ်းဝေးနေတဲ့အတွက် အတည်မပြုနိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဘက်မှာ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွေမှာတော့ လမ်းသွားလမ်းလာတွေကို အရင်ကထက် စစ်ဆေးမှု ပိုတင်းကျပ်လာပြီး လူလတ်ပိုင်းနဲ့ လူငယ်တွေကို အဓိကပစ်မှတ်ထားတယ်လို့ သူကဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က လတ်တလော သံဖြူဇရပ်နဲ့ ရေးမြို့ နယ်ဘက်မှာ စစ်ရေးလှုပ်ရှားမှု သိပ်မတွေ့ရပေမယ့် သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်း အနန်းကွင်းဘက်မှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

အဲဒီဒေသမှာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်နေပြီး တရုတ်ဖိအားကြောင့် မြောက်ပိုင်းကတိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အပေါ် အခွင့်ကောင်းယူကာ မကြာခင် တောင်ပိုင်းမှာလည်း စစ်ကြောင်းထိုးလာနိုင်ဖွယ်ရှိတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက သုံးသပ်ထားပါတယ်။

February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...