စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ပြုပြင်ပြောင်းလဲရေး အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ K2C ပြော

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ပြုပြင်ပြောင်းလဲရေး အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ K2C ပြော
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရှေ့နေရဲ့ လျှောက်ထားချက်ဟာ မြန်မာ့နိုင်ငံရဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်ချက်လို့ NUG နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့ K2C တို့ ထုတ်ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC ရှေ့နေချုပ် Karim AA Khan က တရားရုံးသို့ လျှောက်ထားမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K2C တို့က ကြိုဆိုကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့တာပါ။

ဒီဖြစ်စဉ်ဟာ မြန်မာ့တပ်မတော်သမိုင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခုရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံးလျှောက်ထားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ တပ်မတော်အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်နေကြောင်း ပြသလိုက်တာလို့ NUG နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF က ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့ ပတ်သက်သူအားလုံး ပျက်စီးဆုံးရှုံးမှုတွေကိုသာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တာကြောင့် တပ်မတော်သားတွေအနေနဲ့ ရာဇဝတ်မှုအတွက် တာဝန်ရှိသူ စစ်ခေါင်းဆောင်ရဲ့လက်ထဲက တပ်မတော်ကို ပြန်လည်ကယ်တင်ဖို့ တိုက်တွန်းတာပါ။

လူထုက လိုလားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူတွေနဲ့အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့ NUG နဲ့ K2C တို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။

ဒါ့အပြင် ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမယ့် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ တရားမဝင်ဘဲ သမိုင်းအမှောင်လမ်းထဲတိုးလို့ မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး စစ်တပ်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝန်းကလည်း စစ်အုပ်စုနဲ့ ပုံစံအမျိုးအမျိုးနဲ့ပြုလုပ်နေတဲ့ ဆက်ဆံရေးတွေကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပွားတာကို အားပေးတဲ့အခြေအနေ မဖြစ်ပေါ်စေရေး သတိမူကြဖို့ လိုအပ်ပြီလို့ NUG နဲ့ K2C တို့က ထောက်ပြပါတယ်။

မိမိတို့အနေနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် တရားခံကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာလူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...
ဓာတ်ပုံ-MOI
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက်...
ဓာတ်ပုံ-USDP
March 25, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စစ်တပ်ကျောထောက်နောက်ခံ...
March 24, 2026
မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက်...