မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းထားရှိရန် စီစဉ်

မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က စစ်ဘေးရှောင်များကို နယ်စပ်တစ်နေရာမှာ တစုတစည်းတည်းထားရှိရန် စီစဉ်နေကြောင်း မီဇိုရမ်အစိုးရပြည်ထဲရေးဝန်ကြီးက ပြောသည်။

မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်အရေးဆောင်ရွက်နေသော High Level Committee on Indigenous Internal Displaced Persons ဥက္ကဌလည်းဖြစ်သည့် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်များ တစ်နေရာထဲ စုပေါင်းနေထိုင်နိုင်မည့် မြေနေရာများ ရှာဖွေနေဆဲဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်သတင်း LPS သတင်းက ဖော်ပြသည်။

မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာကြသော ဇိုး (ချင်း) မျိုးနွယ်စုစစ်ဘေးရှောင်များနေထိုင်ရန် မီဇိုရမ် နှင့် အာသံပြည်နယ် နယ်စပ်တွင် မြေနေရာရှာဖွေနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက်လည်း မီဇိုရမ်ပြည်နယ် CADC ဧရိယာနယ်မြေထဲတွင် မြေနေရာရှာဖွေနေဆဲဖြစ်သည်ဟု ဖော်ပြသည်။

ထိုနည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအတွက်လည်း တနေရာထဲ စုပေါင်းနေထိုင်နိုင်ရေးအတွက် နယ်စပ်တစ်နေရာမှာ မြေနေရာရှာဖွေပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ယခုလက်ရှိတွင် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များသည် အစိုးရကစီစဉ်ပေးထားသည့် စစ်ဘေးရှောင်စခန်းများနှင့် အစိုးရအဆောက်အအုံ၊ ရပ်ရွာ အဆောက်အအုံများတွင် ပြန့်နှံ့နေထိုင်နေကြရပြီး အလှူရှင်များနှင့် အစိုးရတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ ရပ်တည်နေကြရသည်ဟု သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုတစ်ခုတည်းအပေါ်မှာ မှီခိုအားထားမနေဘဲ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းများ ရှာဖွေလုပ်ကိုင်နိုင်ရေးအတွက်လည်း ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်လာရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ယခုကဲ့သို့စီစဉ်ဆောင်ရွက်ခြင်းသည် စစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်တွင် တသက်လုံးနေထိုင်နိုင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ၎င်းတို့နိုင်ငံဒေသ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်ကာလအတွင်း မိမိဘာသာရပ်တည်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၇၈၈ ရှိပြီး ယင်းအနက် မြန်မာစစ်ဘေးရှောင် ၃၃၇၆၄၊ ဘဂ်လားဒေရှ့်နိုင်ငံမှ ၂၀၁၄ ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် ၈၀၁၀ ဦးရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...