ရေဘေးအကြီးအကျယ်သင့်သော တောင်ငူတွင် လက်နက်ကြီးကြောင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရ၊ ရွာ(၅)ရွာ နေရပ်စွန့်ခွာ

ရေဘေးအကြီးအကျယ်သင့်သော တောင်ငူတွင် လက်နက်ကြီးကြောင့် လူ(၄)ဦး ထိခိုက်ဒဏ်ရာရ၊ ရွာ(၅)ရွာ နေရပ်စွန့်ခွာ

ယာဂီမုန်တိုင်းဒဏ်ကြောင့် ရေဖုံးလွှမ်းမှုအကြီးအကျယ်ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများတွင် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ရွာ(၅)ရွာနေ လူထုများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကယ်ဆယ်ရေးအဖွဲ့နဲ့ဒေသခံများထံမှ သိရသည်။

ကရင်နီကုန်း၊ ကမ်းနီ၊ အိုင်ဇောက်၊ သက်ကယ်ကျင်း၊ ကွမ်းသီးပင် ကျေးရွာများသို့ လက်နက် ကြီးကျရောက်သဖြင့် အမည်စုံစမ်းဆဲ ဒေသခံ(၅)ဦး လက်နက်ကြီးကျည် စထိမှန် ဒဏ်ရာများရရှိခဲ့ပြီး နေရပ်စွန့်ခွာလာသည့်ဒေသခံများကို တတ်အားသရွေ့ကူညီရွှေ့ပြောင်းပေးနေသည်ဟု လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

''အိုင်ဇောက်ဘက်က လက်နက်ကြီးလှမ်းပစ်တာ ကရင်နီကုန်းတို့၊ ကမ်းနီတို့ကိုကျတယ်။ အဲ့ဒါကြောင့်ပြည်သူတွေ သူ့နီးစပ်ရာကိုပြေးကြတာ။ လောလောဆယ်သိထားတာတော့ လူကြီး(၄)ယောက်ထိထားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာများတယ်ဆိုပေမယ့် မပြင်းထန်ဘူး။ ဖြစ်တဲ့နေရာအထိတော့ ကျနော်တို့လည်း သွားလို့မရဘူး။ ရောက်အောင်ထွက်လာခိုင်းရတာပေါ့ စုရပ်မှာစောင့်ပြီးခေါ်လာပေးတယ်'' ဟု ထိုကယ်ဆယ်ရေးလူငယ်က ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ရသည့် အကြောင်းအရင်းကို မသိရှိရသေးသလို လက်နက်ကြီးကျရောက်သည့် ရွာများမှာ ရွာတန်းရှည်ပုံစံဖြစ်သည့်အတွက် လက်ရှိထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာစုစုပေါင်း (၅)ရွာထက် ပိုနိုင်ကြောင်းလည်း ဒေသခံတို့ကခန့်မှန်းပြောဆိုကြသည်။

ထို့အပြင် ပြီးခဲ့သည့်စက်တင်ဘာလက ယာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သော တောင်ငူခရိုင်အတွင်း ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် ကျေးရွာတချို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့နေရပြီး ယခုစစ်ဘေးကြောင့်ပါ ထပ်ဆင့်ဒုက္ခရောက်နေသည်ဟု အမည်မဖော်လိုသူ နောက်ထပ်ဒေသခံက ဆိုသည်။

"ဖြစ်တဲ့နေရာနဲ့ ကျမတို့နဲ့နီးတော့ လက်နက်ကြီးကျတာ တုန်ခါနေတာပဲ။ ရေကလည်းတက်နေရတဲ့အထဲ ဟိုကလည်းပစ်ဆိုတော့ စိတ်ကိုညစ်နေရော။ ရေက ဖြည်းဖြည်းချင်းစတက်နေပြီဆိုတော့ ပြေးဖို့ အဆင်သင့် ပြင်ထားရတယ်။ ကမ်းနီဘက်ကတချို့ကတော့ တောင်ငူဘက်ကိုပြေးကုန်ကြပြီ'' ဟု ၎င်းဒေသခံက ပြောသည်။

တဖက်တွင်လည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ လက်နက်ကြီးကျခဲ့သည့်ကျေးရွာအချို့ကို စစ်ကောင်စီဘက်က မသွားမလာရ ပိတ်ဆို့တားမြစ်မှုများရှိနေ၍ ဒေသခံအချို့ တိမ်းရှောင်ရအခက်အခဲတွေ့ကြုံရသည်ဟုလည်း တောင်ငူမြို့ခံ သတင်းအရင်းအမြစ်များက ဆိုသည်။

လက်နက်ကြီးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူတို့တွင် ကလေးငယ်များလည်း ပါဝင်လျက်ရှိသလို ရှောင်တိမ်းလာသူတို့အတွက် စားနပ်ရိက္ခာ လိုအပ်လျက်ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...
April 21, 2026
ကရင်ပြည်နယ်၊ မူတြော်ခရိုင်(ဖာပွန်)တွင် စစ်အုပ်စုက အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်မှု...
Photo: CJ
April 20, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု)...
April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...