ဆယ်မိုင်ကျေးရွာအတွင်းက ရပ်ကွက်အချို့မှာ အိမ်မွေးကြက်တွေ သေဆုံးမှုများလာ

ဆယ်မိုင်ကျေးရွာအတွင်းက ရပ်ကွက်အချို့မှာ အိမ်မွေးကြက်တွေ သေဆုံးမှုများလာ

ကချင်ပြည်နယ်၊ နောင်နန်းတိုက်နယ် (မြစ်ကြီးနား-မြစ်ဆုံလမ်း) ဆယ်မိုင်ကျေးရွာအတွင်းက ရပ်ကွက်အချို့မှာ အိမ်မွေးကြက်တွေ အမည်မသိ ကူးစက်ရောဂါလို ဖြစ်ပေါ်နေပြီး သေဆုံးမှု များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ကုန်ပိုင်းလောက်ကနေ ကြက်တွေ တစ်ကောင်၊ နှစ်ကောင်စ သေဆုံးရာက နိုဝင်ဘာလ ဆန်းပိုင်းလောက်မှာတော့ သေဆုံးမှုနှုန်း သိသိသာသာ တိုးလာတာလို့ ဆိုပါတယ်။

ကြက်တွေဟာ မသေဆုံးမီ တစ်ရက်အလို ဝမ်းလျှောတဲ့ လက္ခဏာဖြစ်ပေါပြီးနောက် အင်အားယုတ်လျော့သလို ပုံစံဖြစ်လာပြီး နောက်တစ်ရက်မှာ သေဆုံးသွားတာလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"အစက တစ်ကောင်၊ နှစ်ကောင်ပဲသေတာ။ ဒီအပတ်ကနေစပြီး အရမ်းကို သေတာ။ ကြက်ပေါက်လေးတွေဆို ကုန်ပြီ။ ဝမ်းလျှောပြီး လဲကျသွားတာ ဟုတ်တယ်။ တစ်ခြံလုံးလည်း အနံ့တွေထွက်လို့"လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ အခြေအနေအရ ကုန်ဈေးနှုန်းမြင့်တက်မှုတွေသာမက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုလုပ်ကိုင်ဖို့ ခက်ခဲနေတဲ့အချိန် တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်နေရတာဖြစ်ပြီး အိမ်မွေးကြက် တစ်ပိဿာ ကျပ်သုံးသောင်းခွဲ (ကာလပေါက်ဈေး) အထိ ရှိနေတယ်လို့ ဆိုပါတယ်။

နေအိမ်အတွင်း ကြက်အကောင်ရေ ၈၀ လောက် မွေးထားရာကနေ ကြက်အကောင်ရေ ၁၀ ကောင်ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

"အရမ်းသေနေပြီ။ ကြည့်တောင်မကြည့်ချင်တော့ဘူး။ ကလေးတွေ ပြန်လာရင် ကျင်းအကြီးကြီး တူးခိုင်းပြီး မြှုပ်ခိုင်းမလို့။ "လို့ ပြောပါတယ်။

 လက်ရှိ ဆယ်မိုင်ကျေးရွာရဲ့ ရပ်ကွက်အချို့မှာ အခုလိုမျိုး ကြက်သေဆုံးမှု ဖြစ်ပေါ်နေပြီး ခန့်မှန်းချက်အရ သေဆုံးသွားတဲ့ ကြက်အကောင်ရေဟာ ရာဂဏာန်းလောက်တော့ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆယ်မိုင်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာစဉ်က စစ်ရေးအခြေအနေ တင်းမာတော့မှာကို စိုးရိမ်ပြီး ဝက်မွေးမြူသူတွေအများစုဟာ သတ်ဖြတ်ရောင်းချလိုက်ကြပြီး အိမ်မွေးကြက်တွေသာ အများအားဖြင့် ကျန်ရှိတော့တာလည်း ဖြစ်တယ်လို့ အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...
ဓါတ်ပုံ(Credit)- EEDY
April 20, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့...