ချီဖွေမြို့ အထက်တန်းကျောင်းသားများ ဖတ်စာအုပ် မရရှိသေး

ချီဖွေမြို့ အထက်တန်းကျောင်းသားများ ဖတ်စာအုပ် မရရှိသေး

ကချင်ပြည်၊ ချီဖွေမြို့ရှိ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ စာပေသင်ကြားရေးတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်။

ကျောင်းဖွင့်လှစ်ခဲ့သည်မှာ တစ်လခန့် ရှိပြီဖြစ်သော်လည်း ကျောင်းဆရာ၊ ဆရာမများ မလုံလောက်သည့်အပြင်၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားရသည့် Grade 10၊ 11၊ 12 အတန်း များ၌ ယခုအချိန်အထိ ကျောင်းသုံးဖတ်စာအုပ်များ မရရှိကြသေးကြောင်း ချီဖွေမြို့ဒေသခံက ပြောသည်။

ချီဖွေဒေသခံတစ်ဦးက “Grade 10 ကနေ Grade 12 အထိက ဖတ်စာအုပ်တွေကို KIO ပညာရေးဌာနက ပြောင်းလိုက်ပါပြီ။ မြန်မာကျောင်းတွေ (အစိုးရကျောင်း) က ဖတ်စာအုပ်တွေနဲ့ မတူတော့ဘူး။ ကလေးတွေက စာအုပ်ကမရ၊ ဆရာ၊ ဆရာမက မစုံဆိုတော့ ကျောင်းကို နေ့တိုင်းလာ၊ အိပ်ပြီးမှ အိမ်ပြန်တာများပါတယ်” ဟု ပြောသည်။

အဆိုပါ အထက်တန်းဖတ်စာအုပ်များသည် KIO ဌာနချုပ်လိုင်ဇာမှ ရောက်ရှိမလာသေးခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အခြား Grade 1 မှ Grade 9 အထိ (အစိုးရသင်ရိုးညွှန်းတမ်း) တွင်လည်း ကျောင်းသုံးစာအုပ်များ ထုတ်ပေးခြင်း မရှိသဖြင့် ကျောင်းသားမိဘများသည် မြစ်ကြီးနားမြို့မှတစ်ဆင့် ဘာသာစုံစာအုပ်များကို ကျပ် ၃ သောင်းခွဲမှ ၅ သောင်းဝန်းကျင်အထိ ပေးဆောင်ကာ ဝယ်ယူနေကြရကြောင်း ဒေသခံများက ဆိုသည်။

သို့သော်လည်း အချို့သော နွမ်းပါးသည့် မိသားစုဝင် ကလေးငယ်များသည် ဖတ်စာအုပ်အဟောင်းများကိုသာ ရှာဖွေစုဆောင်း အသုံးပြုနေကြရပြီး၊ အချို့မှာမူ ယခုအချိန်အထိ မဝယ်ယူနိုင်ကြသေးကြောင်း ဆိုသည်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မိသားစု စားဝတ်နေရေး ကျပ်တည်းမှု များကြောင့် ကလေးအများစုမှာ ဖတ်စာအုပ်များသာမက စာရေးကိရိယာ စုံစုံလင်လင် သုံးစွဲနိုင်ခြင်း မရှိဘဲ ပညာသင်ကြားရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်။

ချီဖွေဒေသတစ်ခုလုံးကို လက်ရှိအချိန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ထိန်းချုပ်အုပ်ချုပ်ထားခြင်း ဖြစ်သည်။

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...