ဆယ်ဇင်းဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၅၀ ကျော် စစ်ဘေးရှောင်နေရ

ဆယ်ဇင်းဒေသ၌ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ၁၅၀ ကျော် စစ်ဘေးရှောင်နေရ

ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ များ ဖြစ်ပွားနေသဖြင့် ရွှေတွင်းလမ်းဆုံကျေးရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှ ၁၄ ရက်နေ့ နံနက်ပိုင်းအတွင်း ရှမ်းနီ (SNA) တပ်ဖွဲ့သည် ဆယ်ဇင်း တိုက်နယ်အတွင်းရှိ ချောင်းဖျားကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ရွှေတွင်းလမ်းဆုံကျေးရွာမှ ဒေသခံ တစ်ရာကျော်မှာ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေ ကြရပြီး အကူအညီများ လိုအပ်နေကြောင်း နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တိုက်ပွဲဖြစ်တော့ နမ့်ပုတ်ဘက်တချို့ပြောင်း တချို့က တာမခန်ဘက်ပြောင်းနဲ့ အားလုံးက ခက်နေကြတယ်။ အခုအဓိကအရေးကြီးတာက အစားသောက်နဲ့ သောက်ရေတွေပါ။ တလောက တော့ ဆယ်ဇင်းမှာ ရေကြီးပြီး ရေဘေးကြုံခဲ့တာ အခုက စစ်ပြန်ရှောင်ရတာပေါ့။”

တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၂၉ စုမှ လူဦးရေ ၁၅၀ ခန့်အတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးတကြီး လိုအပ်နေသည်။

ဆယ်ဇင်းတိုက်နယ်အတွင်းရှိ နမ့်ပုတ်ကျေးရွာတွင် အိမ်ထောင်စု ၉ စုမှ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း လူဦးရေ ၆၂ ဦး လာရောက်တိမ်းရှောင်နေကြရသည်။

ထို့ပြင် ဆယ်ဇင်းကျေးရွာအတွင်းရှိ နေရာနှစ်ခုတွင်လည်း အိမ်ထောင်စု ၂၀ မှ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၃၇ ဦး စုစုပေါင်း လူဦးရေ ၈၈ ဦး တိမ်းရှောင်ခိုလှုံနေကြရကြောင်း စစ်ရှောင်များကို အကူအညီပေးနေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

လက်ရှိအချိန်အထိလည်း အဆိုပါဒေသတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ဆက်လက်ရှိနေသည်။

ရွှေတွင်းကျေးရွာနှင့် ချောင်းဖျားကျေးရွာတို့သည် ရွှေလုပ်ငန်းလုပ်ကိုင်သည့် နေရာများဖြစ်ပြီး ဈေးရောင်းချသူ အများစု နေထိုင်ကြသည့် ရွာငယ်များ ဖြစ်ကြသည်။

ဤရက်ပိုင်းအတွင်း ဆယ်ဇင်းဒေသဘက်၌ စစ်ကြောင်းထိုးမှုများနှင့်အတူ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေကြောင်း နောက်ထပ် ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဆယ်ဇင်းကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဟောင်းပါးကျေးရွာသို့လည်း ဆယ်ဇင်းတိုက်နယ် ဆယ်ဇင်း (စုံတွဲမှော်) ဘက်မှ ထွက်ပြေးတိမ်းရှောင်လာ သည့် စစ်ဘေးရှောင် ၁၀ ဦးခန့် ရောက်ရှိနေ အကူအညီပေးနေသူများက ပြောသည်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...