ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ် တောက်ခံထားရသည်မှာ ဇူလိုင်လ ၂၁ ရက်နေ့ဖြင့် နှစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
နိုင်ငံရေးဖြစ်စဉ်များနှင့် တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်အတွင်းရှိ မြို့နယ်အများစုတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ကန့်သတ်ဖြတ်တောက်ခံခဲ့ရခြင်းကြောင့် ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။
မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက “ကျနော်တို့ ပြည်သူတွေ အသက်မွေးဝမ်းကြောင်း အတွက် ဆက်သွယ် ပြောဆိုရတဲ့ အပိုင်းတွေမှာ ပိတ်သွားတယ်။ မိမိရဲ့ လုပ်ငန်းဘောင်ကျဉ်းသွားတယ်။ အဆက်အသွယ် မရတော့ တာကြောင့် အလုပ်လုပ်တဲ့အချိန် အရမ်းခက်ခဲသွားတယ်။ တစ်ဖက်မှာလည်း ဝင်ငွေတွေလည်း နည်းသွားတယ်” ဟု ပြောသည်။
အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းကြောင့် မြစ်ကြီးနားမြို့၏ စီးပွားရေးမှာ သိသိသာသာ ထိုးဆင်းသွား ခဲ့ပြီး အွန်လိုင်းအခြေပြု အရောင်းအဝယ်လုပ်ငန်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။
ထို့ပြင် Mobile Banking နှင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများကို အသုံးပြုရန် ခက်ခဲလာခြင်းကြောင့် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင်လည်း ကြီးမားသည့် အတားအဆီးများနှင့် ရင်ဆိုင်နေ ရသည်။
အင်တာနက်လိုင်းများ မရရှိတော့သည့်အတွက် ဒေသခံအချို့မှာ IP Star နှင့် Starlink ကဲ့သို့သော ဂြိုလ်တု အင်တာနက် ဝိုင်ဖိုင်စက်များကို ဈေးကြီးပေးဝယ်ယူကာ အစားထိုးသုံးစွဲနေကြရသဖြင့် လုပ်ငန်းလည်ပတ် စရိတ်များ ပိုမိုမြင့်မားလာနေသည်။
သို့သော် အဆိုပါ Starlink စက်များပါ မကြာမီ ဖြတ်တောက်ခံရတော့မည်ဟူသော သတင်းများကြောင့် ပြည်သူများမှာ ပိုမိုစိုးရိမ်ပူပန်နေကြသည်။
မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက “သေချာတယ်ဆိုရင် ဒုက္ခရောက်ပြီပဲ။ စိတ်ဓာတ်တောင်ကျတယ်။ အသိတွေထဲ ကလည်း ရှေ့လကပဲ ဝိုင်ဖိုင်ဖွင့်တာ။ မီးသိပ်မလာလို့ ဆိုလာကို သိန်းဆယ်ချီကုန်ပြီး ဆိုလာ တပ်ထားတာ” ဟု ပြောသည်။
အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် လူငယ်များ၏ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာများပါ ထိခိုက် ခံစားနေရပြီး လူငယ်အများစုမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။
အွန်လိုင်းမှတစ်ဆင့် ပညာသင်ဆု လျှောက်ထားခြင်း၊ သင်တန်းတက်ရောက်ခြင်းနှင့် သုတေသနပြုလုပ်ရန် အချက်အလက်ရှာဖွေခြင်းစသည့် ကိုယ်တိုင် လေ့လာသင်ယူမှု အခွင့်အလမ်းများလည်း ရပ်တန့်သွားခဲ့သည်။
ထို့ပြင် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရချိန်များတွင် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်မရရှိခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆက်သွယ်ရန် ခက်ခဲခြင်းတို့ကြောင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ပိုမိုများပြားခဲ့ရသည်။
လက်ရှိတွင် MPT၊ Ooredoo နှင့် Atom (Telenor) ဖုန်းလိုင်းအချို့မှာ မြို့နယ်အချို့တွင် အနည်းငယ် ဆက်သွယ် ပြောဆိုနိုင်တော့သော်လည်း ရှင်းလင်းစွာ ခေါ်ဆိုအသုံးပြုရန် ခက်ခဲနေဆဲဖြစ်သည်။
ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၏ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုခွင့်မရရှိတော့သည့် အတွက် ဒေသခံများကြားတွင် သတင်းတု၊ သတင်းမှားများ ပိုမိုပျံ့နှံ့လျက်ရှိသည်။
နှစ်နှစ်တိုင်တိုင် အင်တာနက် မှောင်ချခံထားရခြင်းကြောင့် ကချင်ပြည်အတွင်းရှိ ပြည်သူများမှာ အခြေခံ အခွင့် အရေးဖြစ်သည့် ဆက်သွယ်ပိုင်ခွင့်နှင့် သတင်းအချက်အလက် သိပိုင်ခွင့်များကိုပါ ဆုံးရှုံးနေကြရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းမြေ ဖားကန့်မြို့မှ စတင်ကာ ကချင်ပြည်အတွင်း ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အတော်များများပါ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။







