ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ အလွယ် တကူ ဝယ်ယူရရှိရန် ခက်ခဲနေသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။
မြစ်ကြီးနားမြို့ပေါ်၌ ငှက်ဖျားရောဂါကု ဆေးဝါးများ ဝယ်ယူရရှိရန် ခက်ခဲသဖြင့် ကြိုတင်မှာယူထားရသည့် အပြင် ငှက်ဖျားရောဂါပိုး ရှာဖွေစစ်ဆေးသည့် စစ်တံများပါ ဆိုင်တိုင်းတွင် ချက်ချင်းဝယ်ယူရန် မလွယ်ကူ ကြောင်း မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။
“ဆေးတွေကရှိတော့ ရှိတယ်။ ဒါပေမဲ့ ဝယ်ရခက်တယ်။ တစ်လလောက်ကြိုမှာထားရင်တော့ ရောက်တယ်။ မြို့တွင်းမှာ အရေးတကြီး နှစ်ယောက် သုံးယောက်စစ်ဖို့ လိုက်ရှာရင်ခက်တယ်။ ဆေးက ပိုဈေးကြီးတယ်။ ပြီးတော့ဆေးက ရှာရလည်းနည်းနည်းခက်တယ်။”
လက်ရှိတွင် ငှက်ဖျားစစ်တံ အခု ၃၀ ပါတစ်ဘူးလျှင် ငွေကျပ်လေးသောင်းကျော်ရှိပြီး၊ လူနာအယောက် ၅၀ စာခန့်အတွက် ဆေးဝါးဈေးနှုန်းမှာ ကျပ် ၁၈ သိန်းဝန်းကျင်အထိ ရှိနေသည်။
အင်ဂျန်းယန်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များ ဘက်တွင်လည်း ငှက်ဖျားရောဂါ အဖြစ်များနေပြီး မိုးစတင် ရွာသွန်း ချိန်မှ စ၍ အဆိုပါဒေသရှိ ရွှေမှော်များတွင် လူ ၁၀ ဦးကို စစ်ဆေးလျှင် ၈ ဦးခန့်၌ ငှက်ဖျားပိုး (Plasmodium Vivax - PV ပိုး) တွေ့ရှိရသည်။
ထို့ပြင် မိုးကောင်းနှင့် ဆားမှော်ဘက်ရှိ ကျေးရွာများတွင်လည်း ငှက်ဖျားရောဂါ ကူးစက်မှုများပြားနေပြီး အထူး သဖြင့် ကျေးလက်ဒေသများတွင် ပိုမိုအဖြစ်များသည်။
ကချင်ပြည်တွင် အများဆုံးတွေ့ရသည့် ငှက်ဖျားပိုးမှာ အသည်းငှက်ဖျားပိုးဟု ခေါ်ဆိုသည့် PV ပိုးများဖြစ်ပြီး၊ အချို့လူနာများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိဘဲ ပိုးတွေ့ရှိရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ငှက်ဖျားရောဂါ ဖြစ်ပွားမှု တိုးမြင့်လာခြင်း ဖြစ်သည်။
ငှက်ဖျားရောဂါ ကူးစက်မှု မြင့်မားလာရခြင်းမှာ မိုးရာသီဖြစ်၍ ခြင်ပေါက်ပွားမှု များပြားလာခြင်း၊ ရွှေမှော်ဒေသ များတွင် ခြင်ထောင်မသုံးဘဲ အိပ်စက်ခြင်း၊ တောတောင်များအတွင်း စစ်ဘေးရှောင်နေရသူ များပြားလာပြီး လူစုလူဝေးဖြင့် နေထိုင်ရခြင်းတို့ကြောင့် ဖြစ်သည်။
ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ပြီးခဲ့သည့် မေလလယ် မိုးစတင် ရွာသွန်းစဉ်ကတည်းက ငှက်ဖျားရောဂါ ကူးစက်နေခြင်းဖြစ်ပြီး၊ လူဦးရေထူထပ်သဖြင့် ဆေးဝါးလုံလောက်မှု မရှိကြောင်း နောင်းချိန်းစစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။
နောင်းချိန်းစစ်ဘေးရှောင်စခန်း တာဝန်ခံ “ငှက်ဖျားတအားဖြစ်ကြတယ်။ အိမ်တစ်အိမ်မှာ နှစ်ယောက် သုံးယောက်ဖြစ်တယ်။ ပြီးတော့ ဆေးတွေက NGO တွေက ပေးပေမဲ့ မလောက်ဘူး။ လူများတာဆိုတော့လေ” ဟု ပြောသည်။
ယခုကဲ့သို့ ငှက်ဖျားရောဂါ အဖြစ်များရခြင်းမှာ ခြင်ထောင်လုံလောက်စွာ မရှိခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အချို့မှာ ခြင်ထောင်ရှိသော်လည်း သေချာစွာ ထောင်၍ မအိပ်စက်ခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အတူ လီဒိုလမ်းပေါ်ရှိ ဒွမ်ဘန်ကျေးရွာတွင်လည်း ငှက်ဖျားဖြစ်ပွားမှုများရှိနေပြီး ဒေသတွင်း ဆေးဝါးရရှိရန် ခက်ခဲသဖြင့် မြို့ပေါ်သို့ သွားရောက်ကုသနေရသည်။
ကချင်ပြည်အတွင်း ကူးစက်နှုန်း မြင့်မားနေခြင်းသည် ဆေးစိမ်ခြင်ထောင်များ လုံလောက်စွာမရှိခြင်းနှင့် ကြိုတင် ကာကွယ်ရေး အစီအမံများ အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်နေ့ထုတ် Health Cluster Myanmar ၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
မကြာသေးမီက ကချင်ပြည်အတွင်းသို့ ဆေးဝါးသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် ကန့်သတ်ပိတ်ပင် မှုများနှင့် ဖမ်းဆီးမှုများ ရှိနေသည့်အပြင် အချိန်ကြာမြင့်စွာ သယ်ယူရသဖြင့် ဆေးဝါးပျက်စီးမှုများ ကြုံတွေ့နေရ သည်။ ထို့ကြောင့် ဆေးဝါးများကို လေကြောင်းလိုင်းဖြင့်သာ ပြောင်းလဲသယ်ယူနေရသဖြင့် သယ်ယူပို့ဆောင် စရိတ် ပိုမိုကုန်ကျကာ နဂိုထက် ဆေးဝါးဈေးနှုန်းများ အဆမတန် မြင့်တက်သွားခြင်း ဖြစ်သည်။
ငှက်ဖျားဖြစ်ပွားမှု များပြားလာပြီး ဆေးဝါးဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းကြီးမြင့်ကာ အလွယ် တကူ မရရှိနိုင်တော့သဖြင့်၊ ငွေကြေးကုန်ကျမှု သက်သာစေရန်နှင့် ရောဂါပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအားစိုက်လုပ်ဆောင်ရန် အရေးကြီးကြောင်း ဒေသခံများက တိုက် တွန်းထားသည်။







