မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးငွေညှစ်မှုပိုဆိုးလာ

မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးငွေညှစ်မှုပိုဆိုးလာ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ် နည်းလမ်းအမျိုးအမျိုးအသုံးပြုပြီး ဖမ်းဆီးငွေညှစ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မြို့တွင်းလှည့်လည်တာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် လူနေများတဲ့နေရာတွေမှာ ဧည့်စာရင်းစစ်ဆေးကာ ခြိမ်းခြောက်ငွေညှစ် တောင်းခံတာတွေ ပြုလုပ်နေတာပါ။

အဲဒီလိုလုပ်ဆောင်ရာမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ သတ်မှတ်ထားတဲ့ ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ရေးမြို့နယ်တွေမှာတော့ ဆိုင်ကယ်စီးသူတွေကို ပိတ်ဆို့ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်းဆယ်နဲ့ချီ တောင်းခံတာတွေ ရှိနေပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးနင်းမှုကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးတာနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးပြီးငွေညှစ်နေတာ။ သာမန် ဒီလူထုတွေကကျတော့ တချို့လည်းစီးနေကြတာပဲ။ သူတို့တွေနဲ့တိုးရင်တော့ ခံရတာပေါ့။ အဓိကတော့ ရဲတပ်ဖွဲ့ပေါ့။ အောက်ခြေရဲတပ်သားတချို့ပေါ့နော်။ အပေါ်ကလူကြီး မသိတာလည်း ဖြစ်နိုင်တာပေါ့။ ပိုက်ဆံမပေးရင် ပြန်မလွှတ်ပေးဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင်ရဲတပ်ဖွဲ့ဝင်တွေ တားဆီးစစ်ဆေးတဲ့နေရာမှာတော့ အရှိန်လွန်ပြီးမောင်းနှင်သွားပါက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့်လည်း ငွေကြေးပေးဆောင်ရတဲ့အပြင် အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့အတွင်းမှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ သီးခြားလှည့်လည်ပြီး ငွေညှစ်တာတွေရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေအပြင် အုပ် ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး ငွေညှစ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တဖက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ငွေညှစ်တဲ့နေရာမှာ ငွေကြေးမပေးဆောင်နိုင်တဲ့ ပြည်သူတွေကိုတော့ ရိုက်နှက်ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဆင်ထောင်ချတာတွေ ပြုလုပ်နေတာပါ။

အခုလို ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူကိုအတင်းအဓမ္မ ဖမ်းဆီးငွေညှစ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေထံ တိုင်ကြားပါကလည်း အရေးမယူတဲ့အပြင် တိုင်ကြားသူတွေပါ ခြိမ်းခြောက်ခံရတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဖမ်း ဆီးငွေညှစ်နေပေမယ့် နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကယ်ခိုးမှုအပါအဝင် ခိုးဆိုးလုနှိုက်မှုတွေကိုတော့ ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသလောက် နည်းပါးနေပါတယ်။

June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...