ကသာတွင် သန်းခေါင်စာရင်းကောက်ယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့ နှင့် PDF တို့ ပစ်ခတ်မှုဖြစ်ပွား

ကသာတွင် သန်းခေါင်စာရင်းကောက်ယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့ နှင့် PDF တို့ ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့အနီး  ပြည်သာယာကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူနေချိန် စစ်ကောင်စီ ရဲ့ တပ်ဖွဲ့ဝင်တွေ နဲ့  ကသာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မနက်ပိုင်းမှာ  ကသာမြို့နှင့်  ခလရ(ခြေလျင်တပ်ရင်း)  ၃၀၉ တပ်ရင်း ကြားရှိ  ပြည်သာယာတံတား အနီးတဝိုက်မှာ သန်းခေါင်စာရင်းကောက်ယူမှုကို တာဝန်ယူတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့  PDF တို့ တစ်နာရီကြာ  ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ မနေ့တုန်းက ပြည်သာယာကို သန်းခေါင်စရင်းကောက်တဲ့အခါကို သူတို့လုံခြုံရေးယူတဲ့အဖွဲ့တွေရှိတယ်လေ။ အဲဒီအဖွဲ့တွေနဲ့  PDF တွေက  အမှတ် ၂ တံတား ( ပြည်သာယာတံတား) လမ်းပိုင်းကိုဖြတ်လာတာတွေလို့ ပစ်ခတ်မှုဖြစ်တာ။  အင်အားတော့မများပါဘူး။ ဟိုဘက်က (PDF) လေးငါးယောက်လောက်တက်လာတာပါ ၊ နောက်ထပ်တော့ဘာမှမဖြစ်တော့ပါဘူး။  မနေ့ကအဲ့ဒါလေးပါပဲ တိုက်ပွဲက ခဏလေးဖြစ်သွားတာပါ လက်နက်ငယ်နဲ့ ခဏလေး ပစ်ကြခတ်ကြတာလေးပါပဲ ကြီးကြီးမားမား မဟုတ်ပါဘူး” လို့ ဖြစ်စဉ်ကိုသိတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း သန်းခေါင်စာရင်းကောက်ယူမှုတွေကို ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အောက်တိုဘာလ ၅ ရက်နေ့ကတည်းက ကသာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး  ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၈ တို့မှာ ကောက်ယူမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကသာမြို့နယ်အတွင်းက ကျေးရွာတွေကိုတော့ စစ်ကောင်စီအနေနဲ့ ကောက်ယူနိုင်ခြင်းမရှိသေးပဲ မြို့ နှင့် မြို့အနီးရှိကျေးရွာတွေမှသာ ကောက်ယူမှုကို စတင်နိုင်သေးကြောင်း ဒေသခံတွေကပြောဆိုကြပါတယ်။

ကသာမြို့ဟာ ခရိုင်မြို့တစ်ခုဖြစ်ပြီး ကသာမြို့နယ် ၊ အင်းတော်မြို့နယ် ၊ ထီးချိုင့်နယ် ၊ ဗန်းမောက်မြို့နယ် တွေ ပါဝင်ပြီး လတ်တလောမှာ ကသာမြို့နယ်တစ်ခုတည်းသာ သန်းခေါင်စာရင်းကောက်ယူမှုတွေကို ပြုလုပ်နိုင်သေးတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၇ မြို့နယ်မှာ လူအင်အား (၁၀၂၆) ဦးနဲ့ ကောက်ယူမှုတွေကိုပြုလုပ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...