အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

အာရက္ခတပ်တော် AA နှင့် မိတ်ဆွေဖွဲ့ရမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်းထက် မိတ်ဆွေဖွဲ့ရမည်ဟု ပြောဆိုသည်။

အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပသော ချင်းလူထုနှင့်တွေ့ဆုံပွဲ၌ အမေးအဖြေအစီစဉ်တွင် ကုလားတန်ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ AA နှင့် မီဇိုရမ်အစိုးရတို့ တွေ့ဆုံခဲ့မှုအခြေအနေများ မေးမြန်းရာမှာ ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့ကအင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ် ဒါကြောင့် တိုက်ပွဲမဟုတ်ပဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ် CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အချင်းချင်းကြားပြဿနာ ဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ် ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ် အဲလိုမဟုတ်ရင် လောင်တလိုင်ထိကိုလာပြီး အနှောက်အယှက်ပေးနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာလ ၂ ရက်နေ့ကကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ်တက်ရောက်လာခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူမျိုးအများစုနေထိုင်သော အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှုအားကောင်းလာစေရေး၊ ဘာသာရေး အသင်းအဖွဲ့ နှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးတို့ကို အလေးထား ပြောဆိုသွားခဲ့သည်။

ထို့အပြင် ချင်း-မီဇိုး-ကူကီမျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည့်များကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြသည်ဟု ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ နေထိုင်ကြရသော မိမိတို့လူမျိုးများ တနေ့နေ့ တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။

Most read this week

January 31, 2026
အာဏာသိမ်းစစ်ကော်မရှင်က ဒီဇင်ဘာလ နှင့် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲများသည်...
January 29, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက်...
January 28, 2026
အာဏာသိမ်းစစ်ကော်မရှင်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်...
January 27, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည်...