အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်တိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်မရဖြစ်နေ

အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်တိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်မရဖြစ်နေ

အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည့် ရခိုင်မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (စစ်တွေ)တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်မရဖြစ်နေကြောင်း DMG ကို ကိုယ်တိုင် ကြုံ တွေ့ခဲ့ရသူများက ပြောသည်။

ကမန်တိုင်းရင်းသားများကို ယခင်က နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင် ဘာလမှ စတင်၍ နိုင်ငံကူး လက်မှတ်ပြုလုပ်ခွင့် ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်သည်။

“ကျနော်တို့ကို ကမန်-အစ္စလာမ် ဘာသာဖြစ်လို့ လုပ်လို့မရဘူးလို့ ပြောတယ်။ နေပြည်တော်က ရပ်ဆိုင်းထားတာ ကြောင့် ထုတ်ပေးလို့ မရဘူးလို့ သူတို့ကပြောတယ်။ ကျနော်က အဲလိုမျိုး ရပ်ဆိုင်းခိုင်းထားတဲ့ စာရှိရင် ပြပေးပါ ဆိုလည်း သူတို့မပြနိုင်ဘူး။ အဲဒီကိစ္စနဲ့ ရုံးမှာတောင် ပြဿနာတွေဖြစ်ခဲ့ရတယ်” ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် (ကမန်) ကျေးရွာမှ ဦးမင်းချေက ပြောသည်။

ရခိုင်ပြည်အတွင်းရှိ ကမန်တိုင်းရင်းသားများမှာ စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ် တို့တွင် အဓိကနေထိုင်ကြပြီး အများစုမှာ အစ္စလာမ်ဘာသာကိုးကွယ်ကြကာ ဗုဒ္ဓဘာသာကိုးကွယ်သူ အချို့လည်း ရှိသည်။

ကမန်တိုင်းရင်းသားများမှာ အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် စားဝတ်နေရေး အဆင်မပြေသဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ကြိုးပမ်းကြသော်လည်း နိုင်ငံကူးလက်မှတ် ထုတ်မပေးမှုကြောင့် တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြရာတွင် ဖမ်းဆီးခံရမှုများရှိနေသည်။

စစ်တွေမြို့နယ် သင်္ဂနက်(ကမန်)ကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းထွန်းက “စားဝတ်နေရေးကျပ်တည်းလို့ နိုင်ငံခြားသို့ သွားမယ်ဆိုရင်လည်း  နိုင်ငံကူးလက်မှတ် ထုတ်လို့မရဘူး။ မှတ်ပုံတင်ကိုင်ထားပေမယ့် နိုင်ငံကူးလက်မှတ် လုပ် မပေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရင်လည်း လမ်းမှာ အဖမ်းခံရတယ်။ ကျနော်တို့ လူမျိုးတွေဟာ လူ့အခွင့် အရေး တော်တော် ဆုံးရှုံးနေရတယ်” ဟု ပြောသည်။

အချို့မှာ ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် ထုတ်မပေးသဖြင့် အခြား တိုင်းနှင့် ပြည်နယ်များတွင် သွားလုပ်ရသူ များလည်း ရှိနေသည်ဟု ဆိုသည်။

မခင်သူဇာက “ကျမတို့ကို နိုင်ငံကူးလက်မှတ် မထုတ်ပေးတာ ရခိုင်တစ်ခုတည်းမှာ မဟုတ်ဘူး။ ရခိုင်မှာ မထုတ် ပေးလို့ ရန်ကုန်မှာ ရမယ်ထင်ပြီး သွားလုပ်တယ်။ ရန်ကုန်မှာ လည်း ထုတ်မပေးဘူး။ အဲတော့ မြဝတီ ထိ သွားပြီး လုပ်မှ ရခဲ့တယ်။ ကျမတို့မှာ နိုင်ငံကူးလက်မှတ် စာအုပ်လေးတစ်အုပ်ရဖို့အတွက် ပိုက်ဆံတွေ မကုန်သင့်ဘဲ ကုန်ရတယ်” ဟု မခင်သူဇာက ပြောသည်။

မခင်သူဇာက ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် ထုတ်မပေးသဖြင့် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာမှ ကရင် ပြည်နယ်၊ မြဝတီထိ သွားရောက်ပြီး နိုင်ငံကူး လက်မှတ်လုပ်ခဲ့ရသူ ဖြစ်သည်။

အစ္စလာမ်ဘာသာကိုးကွယ်သည့် ကမန်တိုင်းရင်းသားများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင် ဆောင်ထားသော်လည်း နိုင်ငံကူး လက်မှတ်ပြုလုပ်ခွင့် မရရှိသည်မှာ ခွဲခြားဆက်ဆံခံနေရခြင်းဟု ပြောကြသည်။

စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာမှ မစောခင်ဦးက “လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံကူးလက်မှတ် လုပ်ပေး စေချင်တယ်။ ကျမတို့က အစ္စလာမ်ဘာသာ ကိုးကွယ် တာကြောင့် နိုင်ငံကူးလက်မှတ် မထုတ်ပေးဘူး။ အခြားသူ တွေကိုတော့ ထုတ်ပေးတယ်။ ဒါကမဖြစ်သင့်ဘူး။ တန်းတူ အခွင့်အရေး ပေးစေချင်တယ်။ ခွဲခြားနိမ့်ချပြီး ဆက် ဆံတာ မဖြစ်စေချင်ဘူး”  ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (စစ်တွေ) တာဝန်ရှိသူကို DMG က သွားရောက် မေးမြန်းရာတွင် တွေ့ဆုံရန် ငြင်းဆိုသည်။ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း ကို ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (စစ်တွေ)နှင့် နီးစပ်သော DMG သတင်းရင်းမြစ်တစ်ဦးထံ စုံစမ်းကြည့် ရာတွင် “ကမန်-အစ္စလာမ် ဘာသာကိုးကွယ်တဲ့သူတွေကို  နိုင်ငံကူးလက်မှတ်ထုတ်မပေးဘူး။ အရင်ကတော့ ထုတ်ပေးခဲ့တယ်။ အခု ရန်ကုန်ရုံးချုပ်ကိုယ်တိုင် မထုတ်ပေးနဲ့ဆိုပြီး ပြောထားတာ။ ဒါပေမယ့် အရေးပေါ် အခြေ အနေဆိုရင် အထက်ကို တင်ပြပြီး ခွင့်ပြုချက်ရရင် ထုတ်ပေးတယ်” ဟု DMG ကို ပြောသည်။

ကမန် တိုင်းရင်းသားများသည် သံတွဲနှင့် စစ်တွေမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး ရမ်းဗြဲ၊ ကျောက်ဖြူနှင့် ရန်ကုန်၊ မန္တလေး စသည့် ဒေသများတွင်လည်း အနည်းငယ် ပြန့်ကြဲနေထိုင်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်း အရ မြန်မာနိုင်ငံတွင် ကမန်တိုင်းရင်းသား စုစုပေါင်း ၅ သောင်းကျော်ရှိနေသည်။

ပုံစာ - အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်တိုင်းရင်းသား တစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...