ခက်ခဲကြပ်တည်းလာတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတွေရဲ့ဘဝ

ခက်ခဲကြပ်တည်းလာတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတွေရဲ့ဘဝ

ခွန်းကလိုင်းဖရီး — အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် ကယန်း ဒေသတွင်း ကုန်ဈေးနှုန်းတွေ မြှင့်တက်လာလို့ ပြည်သူတွေရဲ့ နေ့စဉ်စားဝတ်နေရေးဟာ ပိုပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဖယ်ခုံမြို့နယ်မှာနေထိုင်တဲ့ အသက် (၄၄) နှစ်အရွယ် စမူမအေးဟာ ကြုံရာ ကျပန်းအလုပ် လုပ်ကိုင်နေသူ တစ် ယောက်ဖြစ်ပြီး တစ်နေ့ကို နေ့စားခ ၅၀၀၀ လောက်သာ ရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် မဖူလုံ ဘူးလို့ ဆိုပါတယ်။

စမူမအေး က “ကုန်ဈေးနှုန်းတွေ တစ်အားတက်လို့ပေါ့နော်။ ဆီတစ်လီတာကို ၅၀၀၀ ထောင်နဲ့ ဝယ်စားရတယ် ကော။ တစ်ရက် လုံးလုပ်ရင်တောင်မှ ဆီတစ်လီတာဖိုး ရေသန့်ဗူးတစ်ဗူးပဲပေါ့။ အဲ့လိုပဲရတာကော။ မဖူလုံဘူး ပေါ့။ မလောက် မငှပဲပေါ့။ ဟင်းချိုမှုန့်ဝယ်ရင် ဆီမရ၊ ဆီဝယ်၊ ချို့မှုန့်ဝယ်ရင် ဆားမရ၊ ဆန်မလောက် အဲ့လိုမျိုး ပေါ့” လို့ ပြောပါတယ်။

စမူမအေးဟာ ပွဲစားတွေအတွက် ဒေသထွက်ကုန်တွေကို ဝယ်ယူပေးတဲ့အလုပ်ကိုလုပ်ကိုင်နေတာပါ။ ဒါ့အပြင် တောင်ယာ၊ လယ်ယာ လုပ်ငန်းတွေမှာ နေ့စားဝင်ရောက်လုပ်ကိုင် သူတစ်ယောက်ဖြစ်ပါတယ်။

အလားတူ အသက် (၂၂) အရွယ် လူငယ် ကိုတင်ထွန်းကလည်း မိသားစုစားဝတ်နေရေးအတွက် နေ့စဉ် အပြင် ထွက်ပြီး အလုပ်ရှာနေရသူ တစ်ဦးပါ။

မိသားစုဝင် (၈) ဦးရှိတဲ့ သူ့မိသားစုအတွက် သူတတ်ထားတဲ့ အတတ်ပညာတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာ အလုပ်ရှာနေရပါတယ်။

“ရတဲ့ ဝင်ငွေနဲ့ အခုကုန်ဈေးနှုန်းကတော့ ကျနော်တို့ မစုမိဘူးဗျ။ ဒီလုပ်ငန်းအပေါ်မှာလည်း အခက်အခဲ တွေရှိ တယ်။ ဘာလို့လဲဆို လာမယ့် မနက်ဖြန်တစ်ဘက်ခါ ကျနော်တို့ အလုပ်ဆက်ပြီးတော့ ရှိနိုင်အုံးမလား။ အဲ့ဒါ စိုးရိမ်မှုတွေရှိတယ်” လို့ ကိုတင်ထွန်းက ပြောတယ်။

ကိုတင်ထွန်းဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ပန်းရံလုပ်ကိုင်နေပြီး တစ်နေ့ကို ၁၅၀၀၀ ကျပ်ရပေမယ့် မိသားစုကို လုံလုံလောက်လောက်မထောက်ပံ့နိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အသက် (၄၀) အရွယ် ဒေါ်မိုးမြာကလည်း မိသားစု စားဝတ်နေရေးအတွက် အုတ်ရိုက်လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်နေပါတယ်။

“လောလောဆယ်က ဒီအုတ်ရိုက်တဲ့အလုပ်ကို လုပ်တယ်။ တစ်ရက်ခါကျတော့ ကိုယ်လုပ်ရင် လုပ်နိုင်သလိုပေါ့ နော်။ တခါတလေလည်း တစ်ရက်ကို ၇၀၀၀ ရတယ်။ ၈၀၀၀ ရတယ်အဲ့မျိုးပေါ့။ အုတ်ရိုက်တဲ့အလုပ်ကျတော့ နွေရာသီပဲရှိတယ်လေ။ မိုးရာသီခါကျတော့ ရိုက်လို့အဆင်မပြေဘူး” လို့ ဒေါ်မိုးမြာက ဆိုပါတယ်။

စားနပ်ရိက္ခာ ထောက်ပံ့မှု တချို့ရပေမယ့် သူ့မိသားစု စားဝတ်နေရေးအတွက် ဟင်းဖိုးနဲ့ တခြားလို့အပ်တာတွေကို လုပ်အားခကရရှိတဲ့ ဝင်ငွေနဲ့ မျှသုံးတာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်က ရွာတစ်ရွာမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးကလည်း ကုန်းဈေးနှုန်းမြှင့် တက်လာတာ ကြောင့် ဈေးရောင်းရတာ အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကုန်ဈေးနှုန်းတက်လေလေ ဈေးရောင်းတဲ့သူတွေအတွက် အခက်အခဲတွေ့လေလေပဲ။ အဲ့မှာ သယ်ယူစရိတ်က ကိုယ်ဝယ်ယူလိုက်တဲ့ ကုန်ထဲမှာ တစ်ထောင်တန်တဲ့ ကုန်ဆိုရင် သယ်ယူစရိတ်တစ်ထောင်ထပ်ပေါင်းလိုက်ရင် ၂၀၀၀ ဖြစ်သွားတယ်။ ကိုယ်က အမြတ်ပါ ထပ်တင်လိုက်တယ်ဆိုရင် စားသုံးတဲ့လူတွေအတွက် အရမ်းကို အခက်အခဲဖြစ်သွားပါတယ်။ ဒါ့ကြောင့်မို့လို့ ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ ကျမတို့ ဈေးရောင်းတဲ့ လူတွေ အတွက် ပိုပြီးတော့ အခက်အခဲတွေ့နေတာကတော့ အမှန်ပါပဲ။”

အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းတွေ မြှင့်တက်လာတာကြောင့် ဖယ်ခုံမြို့နယ်က ပြည်သူတွေ ဟာ စားဝတ်နေရေးအတွက် ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရပါတယ်။

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...