ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ဓာတ်ဆီ ၁ လီတာလျှင် ကျပ် ၉,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့ရာမှ လက်ရှိတွင် ၁ လီတာလျှင် ကျပ် ၁၁,၀၀၀ မှ ၁၂,၀၀၀ အထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် နေ့စဉ်လုပ်ငန်းခွင်သို့ သွားလာနေကြရသည့် ဝန်ထမ်းများ နှင့် ပြည်သူများအတွက် သွားလာစရိတ်များ ပိုမိုမြင့်တက်လာကာ စားဝတ်နေရေးအပေါ် အခက်အခဲ ပိုမိုများပြား လာစေကြောင်း ဒေသခံများက ပြောသည်။
ဒီးမော့ဆိုမြို့နယ်မှ ၂၆ နှစ်အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးက “တခါတလေဆို အဝေးကြီး သွားရတဲ့ဟာမျိုး ကတော့ ရက်တိုင်းသွားရတဲ့ဟာမျိုးလည်း ရှိတယ်။ တချို့က ရက်ခြားပြီးသွားတဲ့ဟာမျိုးရှိတယ်။ ကျနော်တို့က တခါသွားရင် အနည်းဆုံးက ၁ လီတာ ထည့်နေရတယ်။ တစ်ပတ်ကို ကျနော်တို့ ၃ ရက်လောက်သွားမယ်ဆို လို့ရှိရင် သေချာတာကတော့ ၃ လီတာလောက်ဖြစ်သွားမယ်” ဟု ပြောသည်။
လက်ရှိ မိုးရာသီကာလတွင် ဆီတင်သွင်းရသည့် လမ်းကြောင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်အပေါ် မူတည်ကာ ဈေးနှုန်းမြှင့်တင်ရောင်းချနေရခြင်း ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များက ဆိုကြသည်။ ထို့ပြင် နေရာဒေသအလိုက် စက်သုံးဆီဈေးနှုန်း ကွာခြားမှုများလည်း ရှိနေသည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေသများတွင်မူ သယ်ယူပို့ဆောင်ရသည့် အကွာအဝေးနှင့် လမ်းကြောင်း အခြေအနေများ အပေါ် မူတည်ကာ ဓာတ်ဆီ ၁ လီတာကို ကျပ် ၁၂,၀၀၀ မှ ၁၈,၀၀၀ အထိ ရောင်းချနေကြောင်း ဆိုသည်။
အချို့ဒေသများတွင် ဓာတ်ဆီ ၁ လီတာဈေးနှုန်းမှာ တစ်ရက်လုပ်အားခနှင့် ညီမျှနေခြင်းကြောင့် စားဝတ်နေရေး အပေါ် ပိုမိုဖိအားဖြစ်စေနေကြောင်း ဖရူဆိုမြို့နယ်မှ စက်သုံးဆီရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့ရောင်းနေတဲ့ သူတွေထက်စာရင်တော့ သုံးစွဲနေတဲ့ မိဘပြည်သူတွေက ပိုပြီးတော့မှ အခက်အခဲ ဖြစ်မှာပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင် ပုံမှန်တနေ့လုပ်ရတဲ့ ဝင်ငွေပေါ့နော်၊ ရတဲ့အခါမှာ သွားလာရေးအတွက် ဓာတ်ဆီ ပြန်ပြီးတော့ သုံးရတယ်ဆိုလို့ရှိရင် ရတဲ့လုပ်အားခ အများကြီးပြန်ပြီးတော့ သုံးလိုက်ရတဲ့သဘောမျိုး ဆိုတော့လေ အခက်အခဲတော့ တော်တော်လေး ဖြစ်နိုင်တယ်ဗျ။”
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကိုပါ မြင့်တက် စေပြီး ပြည်သူများ နေ့စဉ်ဝယ်ယူစားသုံးနေရသည့် ကုန်ပစ္စည်းဈေးနှုန်းများအပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနေကြောင်း ကုန်သည်များက ပြောသည်။
စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ကြုံတွေ့ နေရသည့် အခက်အခဲများကို လျှော့ချနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စက်သုံးဆီဈေးနှုန်းကို စနစ်တကျ ထိန်းညှိပေးကြရန် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက တောင်းဆိုထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်အတွင်းရှိ ဒေသအများအပြားတွင် စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခြေအနေများအပေါ် မူတည်ပြီး ဈေးနှုန်းမြင့်တက်မှုများနှင့် ဆီပြတ်လပ်မှုများကို မကြာခဏ ကြုံတွေ့နေရဆဲ ဖြစ်သည်။
လက်ရှိတွင် စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်သော လွိုင်ကော်မြို့တွင်း၌မူ ပြည်မဘက်မှ တိုက်ရိုက်တင်သွင်း လာသည့် ဓာတ်ဆီ ၁ လီတာကို ကျပ် ၄,၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။







