KNU နို့တကော်မြို့နယ်ကွန်ဂရက်တွင် လူငယ်ခေါင်းဆောင်အများစု ရွေးကောက်ခံရ

KNU နို့တကော်မြို့နယ်ကွန်ဂရက်တွင် လူငယ်ခေါင်းဆောင်အများစု ရွေးကောက်ခံရ

KNU - ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် နို့တကော်မြို့နယ်၏ ၈ ကြိမ်မြောက်ကွန်ဂရက် ရွေးကောက်ပွဲတွင် မြို့နယ်ဥက္ကဋ္ဌနှင့် အမြဲတမ်း ကော်မတီဝင်များရွေးချယ်ရာ လူငယ်ခေါင်းဆောင်အများစု ရွေးကောက်တင်မြောက်ခံရသည်။

အဆိုပါ နို့တကောမြို့နယ် ရွေးကောက်ပွဲအား ဒီမိုကရေစီနည်းလမ်းအရ မဲပေးစနစ်ဖြင့် ကျင်းပကြပြီး မြို့နယ် ဥက္ကဋ္ဌအဖြစ် ပဒိုစောဒုကော်၊ အတွင်းရေးမှူး ပဒိုစောဒိုထူး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစအဲဖောင်နှင့် တရားသူကြီး အဖြစ် စနီသဘလေးတို့ကို ရွေးကောက်တင်မြောက်ခြင်းခံရသည်ဟု ဒူးပလာယာခရိုင် တာဝန်ရှိသူက ပြော သည်။

မြို့နယ်ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသည့် ပဒိုစောဒုကော်က “ကျနော်ကို ယုံကြည်လို့ မဲပေးကြတဲ့ ပြည်သူ့ ကိုယ်စားလှယ် ခေါင်းဆောင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ရှိကာလမှာ စိန်ခေါ်မှုတွေ ဘယ် လောက်ပဲ ခက်ခဲနေပါစေ ပြည်သူအတွက်နဲ့ ကရင့်တော်လှန်ရေးအပေါ် ကြိုးစားလုပ်ဆောင်သွားမယ်။ ဖက် ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုရတဲ့အထိ ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်သွားမယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

နို့တကော်မြို့နယ်၏ ၈ ကြိမ်မြောက်ကွန်ဂရက် ရွေးကောက်ပွဲကို မေလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ကြ ခြင်း ဖြစ်သည်။

မြို့နယ် ကြီး ၄ ကြီးနှင့် အမြဲတမ်းကော်မတီဝင် ၃၁ ဦးအား ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခဲ့ကြပြီး အုပ်ချုပ်ရေးဌာန အသီးသီးရှိ ဌာနမှူးများကိုလည်း ပြန်လည်ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ယခင်ဥက္ကဋ္ဌ ပဒိုစောဖောဒေးအောင်မြတ် အနေဖြင့် ကျန်းမာရေး အခြေအနေကြောင့် ရွေးကောက်ပွဲတွင် ဝင် ရောက်အရွေးခံခြင်း မရှိတော့ပေ။ ယခုရွေးကောက်ခံရသည့် မြို့နယ်ဥက္ကဋ္ဌ ပဒိုစောဒုကော်သည် ယခင်က မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၃ဝ ကျော်သာရှိသေးသည်။

နို့တကောမြို့နယ် ကိုယ်စားလှယ်များအပြင် ဝင်းရေး၊ ကျုံဒိုး၊ ကော့ကရိတ်နှင့် ခရိုင်တာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော်တက်ရောက်သည့် ညီလာခံတွင် ယခင်နှစ်များအတွင်း မြို့နယ်ရှိ စစ်ရေးနှင့် အုပ်ချုပ်ရေးဌာန အသီးသီးရှိ လုပ်ငန်းအစီရင်ခံစာများကို ရှင်းလင်းတင်ပြကြသည်ဟု ညီလာခံသို့ တက်ရောက် သည့် ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

ရွေးကောက်ခံရသည့် မြို့နယ်အမြဲတမ်း ကော်မတီဝင်များနှင့် မြို့နယ်ခေါင်းဆောင် အများစုသည် လူငယ်များနှင့် အမျိုးသမီးအများအပြား ပါဝင်လျက်ရှိသည့်အတွက် လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး တော်လှန်ရေးဖြတ်သန်းမှု အတွေ့အကြုံရှိခဲ့သည့် ခေါင်းဆောင်ကောင်းများနှင့် လက် တွဲသွားရန်လည်း လိုအပ်မည်ဟု ခရိုင်ခေါင်းဆောင်များက တိုက်တွန်းပြောဆိုသည်။

KNU ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ခေါင်းဆောင်များသည် သက်တမ်းအားဖြင့် ၄ နှစ် တစ်ကြိမ် ကွန်ဂရက်ပြုလုပ် ရွေးကောက်တင်မြောက်ကြရပြီး ဥက္ကဋ္ဌ ရာထူးနေရာတွင် ဆက်တိုက် ၂ ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့် ရှိသည်ဟု မေလ ၄ ရက်နေ့တွင် ကျင်းပပြီးခဲ့သည့် ၁၇ ကြိမ်မြောက် KNU ဗဟိုကွန်ဂရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...