ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ် အတွင်းရှိ ကျေးရွာများသို့ ယခု ဩဂုတ်လအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ဥတ္တူကျေးရွာရှိ ဒေသခံ လူငယ်အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရွာခံများက ပြောသည်။
ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးရွာမှတစ်ဆင့် ကျောက်လှေကား၊ ကထီးဝ စသည့် ကျေးရွာ ၁၀ ရွာထက်မနည်းသို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ နောက်ဆုံး အပတ်တွင် ဥတ္တူရွာဘက်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ၎င်းတို့ စစ်ကြောင်းနှင့်တိုး၍ ကြောက်လန့်ထွက်ပြေးသည့် ဒေသခံ အမျိုးသားလူငယ် ၂ ဦးကို ပစ် ခတ်ခဲ့ရာ ၁ ဦး လွတ်မြောက်သွားသော်လည်း ကျန် ၁ ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သရက်ချောင်း ရွာခံများက ပြောသည်။
သရက်ချောင်း ဒေသခံ အမျိုးသားတစ်ဦးက “ဥတ္တူရွာက လူငယ်လေးတွေ စစ်ကြောင်းတွေ့လို့ လှည့်ပြေးတာ အဲ့ဒါကို အနောက်ကနေ ပစ်တယ်။ တစ်ယောက်ကတော့ ပြေးလို့ လွတ်သွားတယ်။ တစ်ယောက်ကတော့ ပွဲချင်း ပြီးပဲ သေသွားတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကျောက်လှေကား၊ ပဒတ်ချောင်းနှင့် ကထီးဝ စသည့် ကျေးရွာများဘက်သို့ ဝင်ရောက် စဉ်က ရွာခံ ၁၀ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်လာကာ ထမင်းချက်ခိုင်းခြင်းနှင့် ရိုက်နှက်စေခိုင်းခြင်းများ ပြုလုပ်ခဲ့သေးကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၂၅ ရက်နေ့ (ယမန်နေ့)တွင် ထုတ်ပြန်ထား သည်။
ထို့ပြင် စစ်အုပ်စုတပ်သည် ဒေသခံပိုင် မော်တော်ယာဉ်များကို အဓမ္မ သယ်ဆောင်သွားသည့်အပြင် အဆိုပါ ကျေးရွာများရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
သရက်ချောင်း ဒေသခံတစ်ဦးက “အဲဒီစစ်ကြောင်းက ဥတ္တူဘက်ကိုရောက်သွားတာ နှစ်ရက်လောက်ရှိပြီ။ ဒီမတိုင်ခင်က မိုးရွှေကုန်း၊ စော်ဖျား ပြီးတော့ ကျောက်လှေကားရွာဘက်က အိမ်တွေကိုမီးရှို့သွားတယ်။ အဲ့ဒါ တစ်ကြိမ်တည်း မဟုတ်ဘူးနော်။ တစ်ချို့အိမ်တွေဆို အရင်တစ်ခေါက်ကတည်းက မီးရှို့ခံရတယ်။ နောက် အခု ကားတွေ ဆိုင်ကယ်တွေကိုပါ သူတို့နဲ့ အတူယူသွားတယ်” ဟု ပြောသည်။
ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် စစ်အုပ်စုတပ်သည် ကထီးဝရွာမှ နေအိမ် ၁ လုံး၊ ကျောက်လှေကားရွာမှ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူလူထု ပိုင်ဆိုင်သည့် ဆိုင်ကယ် ၃၀ စီး၊ ထော်လာဂျီ ၂ စီး၊ ကျောက် တင်ကား ၁ စီးနှင့် လေးဘီးကား ၁ စီးတို့ကိုပါ ယူဆောင်သွားကြောင်း ဖော်ပြထားသည်။
မိုးတွင်းကာလတွင် စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်အုပ်စုတပ် ဝင်ရောက်ရာ တစ်လျှောက်ရှိ ကျေးရွာနေ ဒေသခံများမှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး အရေးပေါ် အမိုးအကာနှင့် ရိက္ခာများ လိုအပ်လျက်ရှိ ကြောင်း သရက်ချောင်း စစ်ဘေးရှောင် အရေးကူညီနေသူများက ဆိုသည်။
ဓာတ်ပုံ - KNU







