လက်နက်ကြီးသံကြောင့် ဧရာဝတီ ရေဘေးကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းစဉ် နှောင့်နှေး

လက်နက်ကြီးသံကြောင့် ဧရာဝတီ ရေဘေးကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းစဉ် နှောင့်နှေး
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့ ရေဘေးကူညီကယ်ဆယ်ရေး သွားရောက်သည့် ရန်ကုန်အခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များမှာ လက်နက် ကြီး ပစ်ခတ်သံများ ကြားရခြင်းကြောင့် စိတ်လုံခြုံမှုမရှိဘဲ လုပ်ငန်းစဉ် နှောင့်နှေးမှု ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။

ငဝန်မြစ် ရေကာတာ ကျိုးပေါက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် လေးမျက်နှာ မြို့နယ်မှ အစပြု၍ ဖြစ်ပေါ်လာသော ရေဘေးကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ် ၅ ခုထက်မနည်း ရေဘေး သင့်နေပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။

ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များမှာ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြသည်။

သို့သော် တလုတ်ထော်ကျေးရွာနှင့် ၁၅ မိုင်ခန့်အကွာ၌ ရခိုင်ရိုးမဘက်သို့ ပစ်ခတ်သည့် ပုံစံဖြင့် လက်နက်ကြီးသံ များ ကြားခဲ့ရသဖြင့် လုံခြုံရေး စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက “လေးမျက်နှာက ရွာတော်တော်များများ ကျနော်တို့ လှူ ပြီးပြီ။ အဲဒီနေ့ကတော့ တလုတ်ထော်ဖက်သွားလှူဖို့ တလုတ်ထော်နဲ့ ၁၀ မိုင်အကွာပဲရှိမယ်၊ လက်နက်ကြီး သံကြားရတာ အချက်(၂၀)လောက်။ အသံကကျယ်တော့ အားလုံးသတိထားပြီးနေရတယ်” ဟု ပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသအချို့တွင် စစ်အုပ်စုတပ်၏ စစ်ရေးလှုပ်ရှားမှု သတင်းများ ထွက်ပေါ် နေသဖြင့် ယင်းဒေသများသို့ ရေဘေးကယ်ဆယ်ရေး သွားရောက်ရန် စိတ်မလုံမခြုံ ဖြစ်နေကြကြောင်းလည်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ဝင် အမျိုးသား “အခုက ကျနော်တို့သွားတာ ဒုတိယကြိမ်ပါ။ ပထမတစ်ခေါက်က မရောက်တဲ့ရွာဖက်ကို ပြန်သွားတာပေါ့။ အဲ့ဒီလို လက်နက်ကြီးသံကြားတော့ ဆက်မသွားရဲကြတော့ဘူး” ဟု ဆက်ပြောသည်။

ရေဘေး မဖြစ်ပေါ်မီ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ရွှေသောင်ယံမြို့နှင့် သာပေါင်းမြို့နယ်တို့တွင် တော် လှန်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လတွင် ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်များအကြားသို့ တိုက်ပွဲများ ကူးစက်ရောက်ရှိလာခဲ့သည်။

ဒေသတွင်းသတင်းများ အရ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည့် ဧပြီလနောက်ပိုင်းတွင် စစ်အုပ်စုတပ်က အဆိုပါဒေသအတွင်း လေကြောင်းဗုံးကြဲမှုများ ပြုလုပ်ခဲ့သလို ဇူလိုင် ၁၀ ရက်နေ့ကလည်း ငှက်ပျောတောကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရသည်။

စစ်ရေးအခြေအနေများအပြင် ဇူလိုင်လကုန်မှ စတင်ခဲ့သည့် ရေဘေးမှာ တစ်လနီးပါး ကြာမြင့်လာနေပြီး လေးမျက်နှာမှ အိုင်သပြု၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတနှင့် ဇလွန်မြို့တို့အထိ ကျယ်ပြန့်လာရာ ပြည်သူ သိန်းနှင့်ချီ၍ ရေဘေးသင့်လျက်ရှိသည်။

Most read this week

August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
August 25, 2026
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ တောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့...
ဓာတ်ပုံ - Crd (KNU)
August 25, 2026
ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး အလုံးရေ ၇၀ ကျော်...
August 24, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးဝါး...