ပင်လောင်း တိုက်ပွဲကြား နမ့်နိန်း ပြည်သူနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျ

ပင်လောင်း တိုက်ပွဲကြား နမ့်နိန်း ပြည်သူနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျ
နမ့်နိမ်းကျေးရွာမှ ပြည်သူ့နေအိမ်များ ပျက်စီး
နမ့်နိမ်းကျေးရွာမှ ပြည်သူ့နေအိမ်များ ပျက်စီး

သျှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာတွင် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားနေအိမ် ၁၃၀ ခန့် မီးလောင်ပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ  ၂၄ ရက်နေ့မှ ယနေ့ မေလ ၁၇ ရက်ထိ သုံးလနီးပါးကြာ စစ်ကောင်စီနှင့် ပြည်သူ့ ကာ ကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသအသီးသီး၌ စစ်ကောင်စီသည် လေကြောင်း အသုံးပြုပြီး ဆေးရုံ၊ ဆေးခန်း အပါအဝင် ဘုန်းကြီးကျောင်း၊ အရပ်သားနေအိမ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက် နေလျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာထဲက အခြေအနေနှင့် ပတ်သက်၍ နေရပ်ပြန်သွားသည့် ဒေသခံတစ်ဦးက “အိမ်ခြေတော့ များတယ်၊ ၃၈၀ လောက်ရှိမယ်။ မီးထဲပါသွားတာ ၁၃၀ လုံးလောက်ရှိတယ်။ ကလေးတွေနဲ့ ရွာကို စထွက်လာပြီးကတည်းက နောက်ပိုင်းအကြောင်းတွေ သိပ်မသိရတော့ဘူး။ အခုတော့ ပြန်မရနိုင်တော့ မယ့် အတူတူ ပျော်ပျော်ဘဲ ရှေ့ဆက်အားတင်းထားရမှာပေါ့“ ဟု ပြောသည်။

အဆိုပါ နမ့်နိန်းရွာတွင် စုစုပေါင်း အိမ်ခြေ ၃၈၀ ခန့်ရှိပြီး လက်ရှိ အိမ်ခြေ ၁၃၀ လုံးခန့် မီးလောင်ပြာကျသွားခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် သျှမ်း - ကယားနယ်စပ် ဒေသရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်း မြို့နယ်တွင် နေ့စဉ် နီးပါး စစ်ကောင်စီ၏ လေယာဉ် ပျံဝဲနေဆဲရှိပြီး စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်း အပါအဝင် အရပ်သားနေအိမ် ကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေလျက်ရှိသောကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း ဖယ်ခုံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အခုက အိမ်ကို ပြန်သွားလို့ ရပေမယ့်လည်း စစ်ကောင်စီက ဖယ်ခုံမြို့ပေါ်ကနေ အရှေ့ဖက်ခြမ်းက ရွာတွေကို လက်နက်ကြီးနဲ့ထုတယ်။ အခုပြန်သွားရင် ကလေးငယ်တွေလည်း ပါတော့ စိုးရိမ်ရတယ်။ နေအိမ်ပေါ်ကို လက် နက်ကြီး ကျပေါက်ကွဲမလား စိုးရိမ်ရတယ်။ လက်နက်ငယ်တွေပဲ မဟုတ်ဘူး၊ လက်နက်ကြီးတွေပါတော့ စိုးရိမ် ရတာပေါ့“ ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်က စစ်ကောင်စီသည် နိမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ဘုန်းကြီး ၃ ပါး နှင့် အရပ်သား ၁၈ ဦး သတ်ဖြတ်ခဲ့ခံရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့သည့် ၂၆ လအတွင်း အရပ်သား ၄၅၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်း ထုတ်ပြန်ထားသည်။

အရပ်သားသေဆုံးမှု ဖြစ်စဉ်တွင် စစ်ကောင်စီမှ လက်နက်ကြီး နှင့် လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုကြောင့် သေ ဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ၁၇၉ ကြိမ်အထိ မြင့်တက်လာခဲ့သည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...