ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က တပ်သား စုဆောင်းလျက်ရှိသဖြင့် စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေး အခက် အခဲများနှင့် ကြုံနေကြရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက မိုးမောက်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရသည်။
လွယ်ဂျယ်မြို့နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်ရာ တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ ခပ်စိပ်စိပ် စောင့်ဆိုင်းဖမ်းဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ လွယ်ဂျယ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင် နေရသည်။
လွယ်ဂျယ်မြို့နယ်ခွဲမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “KIO/KIA အဖွဲ့က တစ်ဦးဦးကို စုဆောင်းရေး ဖမ်း သွားရင် ကာယကံရှင် မိသားစု ဆွေမျိုးတွေက ကိုယ့်လူကို ပြန်ထုတ်ဖို့ သက်ဆိုင်ရာ တပ်စခန်းကို လိုက်သွားပေ မယ့် အကြောင်းအမျိုးမျိုးပြပြီး တွေ့ဆုံခွင့်မပေးဘူး။ ထောက်ခံချက်ယူခိုင်း၊ အချိန်ဆွဲပြီး အခက်အခဲမျိုးစုံနဲ့ လူပြန်ထုတ်ယူဖို့ မကူညီနိုင်တာ များသထက် များလာတယ်” ဟု ပြောသည်။
မိသားစုဝင်တစ်ဦး တပ်သားစုဆောင်းရေး ခေါ်ဆောင်ခံရပါက လိုက်လံထုတ်ယူရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ငွေကြေးကုန်ကျစရိတ် များပြားလှပြီး ပြန်လွှတ်ပေးသူ အချို့ရှိသော်လည်း ပြန်လည် မထုတ်ယူ နိုင်သူက ပိုမိုများပြားကြောင်း စစ်ဘေးရှောင်များက ပြောသည်။
အဆိုပါ စစ်ဘေးရှောင် အမျိုးသားက “စုဆောင်းရေးက ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းနေလို့ အရပ်သားပြည် သူတွေ ဝမ်းစာရှာထွက်ရတာ အခက်အခဲ အများကြီး ကြုံနေရတယ်။ စစ်ရှောင်ပြည်သူကို အဖွဲ့ပေါင်းစုံက လာ ထောက်ပံ့ပေးတာတော့ ရှိတယ်။ ဖူလုံအောင် ထောက်ပံ့နိုင်တာ မရှိတော့ ဝမ်းစာအတွက် မဖြစ်မနေ အလုပ်ရှာ ထွက်ပေမယ့် စုဆောင်းရေးအန္တရာယ်ကြောင့် အခက်အခဲပေါင်းစုံ ကြုံနေရတယ်” ဟု ဆက် ပြောသည်။
သျှမ်းသံတော်ဆင့်မှ သီးခြားရရှိထားသည့် စာရင်းများအရ KIA ၏ တပ်သားစုဆောင်းခြင်း ခံရသူများတွင် ဗန်းမော်၊ မိုးမောက်နှင့် ကျောက်မဲမြို့တို့မှ လွယ်ဂျယ်နှင့် မံစီမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်လာကြသည့် သျှမ်းလူငယ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးများ ပါဝင်သည်။
၎င်းတို့ကို နှစ်လတာ စစ်သင်တန်း တက်ရောက်စေပြီးနောက် ရှေ့တန်းသို့ စေလွှတ်ကြောင်း မိသားစုနှင့် နီးစပ်သူ များက ပြောသည်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊ တုန့်ဟုန်း၊ နောင်ပုံ၊ မန့်လင်၊ အုံလုံနှင့် လွယ်ဟိန်းစိုင်း စသည့် သျှမ်းကျေးရွာများတွင် ယာယီနေထိုင်နေကြသည့် သျှမ်းစစ်ဘေးရှောင် မိသားစု ၃၀၀ ကျော် ရှိသည်။
အဆိုပါ တပ်သားစုဆောင်းမှုနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ကချင်ပြည်ရှိ ကချင်တိုင်းရင်းသားများနှင့် ဌာနေတိုင်းရင်းသား အားလုံး တော်လှန်ရေးတာဝန် ထမ်းဆောင်ရမည်ဆိုသည့် မူဝါဒ ရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “စစ်ရှောင်ဆိုတာကတော့ လောလောဆယ် ရှောင်တိမ်းနေရတဲ့ အခက်အခဲ ကြုံနေရတာ ကိုတော့ စစ်သားအဖြစ် ခေါ်ဆောင်တဲ့နေရာမှာ စုဆောင်းဖို့ မရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်တယ်ဆိုတာ ကျနော် တို့ဘက်မှာ ၁၀ နှစ်ကျော် စစ်ရှောင်တာတွေ အများကြီး ရှိပါတယ်။ နောက်ကျနော်တို့ လွတ်မြောက်နယ်မြေ တွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ အဲ့ဒီနေရာမှာရှိတဲ့ လူငယ်တွေကိုတော့ ကျနော်တို့ စစ်သားစုဆောင်း တဲ့နေရာမှာ ပါခိုင်းတာ ရှိပါတယ်” ဟု ပြောသည်။
တပ်သားစုဆောင်းရာတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခြင်းမရှိဘဲ အမျိုးသမီးများ တာဝန်ထမ်းဆောင်နိုင်သည့် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများလည်း ရှိသဖြင့် နှစ်ဦးစလုံးကို ခေါ်ယူသည့် မူဝါဒရှိကြောင်း၊ လွယ်ဂျယ်မြို့မှာ နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံ လာရောက်နေထိုင် စီးပွားရေးလုပ်ကိုင်ကြသဖြင့် မည်သူမည်ဝါကို စစ်ဘေးရှောင် ဟု ခွဲခြားရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။
“တပ်သားစုဆောင်းတယ် ဆိုတာကတော့ သိပ်ပြီးမှ သတင်းအနေနဲ့ ပြောတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတိုင်းမှာ တပ်သားစုဆောင်းတဲ့ မူဝါဒ ရှိပြီးသား ဖြစ်ပါတယ်။ မင်းအောင်လှိုင်သည်လည်း စုဆောင်း တာပဲ၊ PDF အဖွဲ့တွေလည်း စုဆောင်းတာပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘယ်အဖွဲ့မဆို တပ်သား သစ်တွေ စုဆောင်းတာ ရှိပါတယ်။ ကျနော်တို့ KIA အနေနဲ့လည်း တပ်သားစုဆောင်းတာ ရှိပါတယ်၊ ဒါပေမယ့် အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။
ထို့ပြင် တပ်သားစုဆောင်းရာတွင် မိသားစု အခက်အခဲနှင့် တော်လှန်ရေးတာဝန် ထမ်းဆောင်နိုင်မှု နောက်ခံတို့ကို စိစစ်၍ ပြန်လည်လွှတ်ပေးသည့် မူဝါဒလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။
မိုးမောက်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မိုးမိတ်နှင့် လွယ်ဂျယ်ကြားရှိ စစ်အုပ်စု၏ စခန်းကြီးများဖြစ်ကြသော ယောယုံ၊ မဒါဘွမ်၊ စိန်လုံ အပါအဝင် စခန်း ၁၀ ခုကျော်ကို KIA က သိမ်းပိုက်ထားသည်။







