မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာ

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာ

မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိနေသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် မတ်၊ ဧပြီလအတွင်းက ကိုဗစ်ကူးစက် လူနာသစ် ၆၀ ဦးကျော် တွေ့ရှိခဲ့သော်လည်း ၎င်းတို့အားလုံး သည် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများသာဖြစ်ပြီး မေလတွင် ပြည်တွင်း ကူးစက်မှု ပြန်လည် တွေ့ရှိလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအချက်အလက်များအရ မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၃ ဦးတွေ့ရှိပြီး ၎င်းတို့အားလုံးသည် ပြည်တွင်းကူးစက်သူများဖြစ်ကြောင်း ဆိုသည်။

“အဲ့ဒီလူနာတွေသည် နာမကျန်းဖြစ်လို့ ဆေးရုံကိုရောက်ရှိလာကြသူတွေကို စစ်ဆေးကြည့်တဲ့အခါမှာ တွေ့ရှိရ တာဖြစ်ပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

ကိုဗစ်အတည်ပြု လူနာများအနက် ရောဂါလက္ခဏာပြသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံက Isolation Ward (1) တွင် ထားရှိပြီး ဆေးကုသမှုပေးနေကြောင်း၊ ရောဂါလက္ခဏာမပြသူများကို နေအိမ်တွင် ကန့်သတ်ကာ (Home Quarantine) ထားရှိထားသည်ဟု ၎င်းက ဆိုသည်။

မေလအတွင်း ကိုဗစ်ကူးစက်မှု ပြန်များလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းသတ်မှတ် ချက်များကို လိုက်နာကြရန် ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

“ပြည်သူတွေအနေဖြင့် ထုံးစံအတိုင်းပဲ Mask တပ်ပါ။ လက်ဆေးပါ။ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ။ အဓိက အရေးကြီးဆုံးက ကာကွယ်ဆေးထိုးပြီး (၆) လပြည့်တိုင်း Booster ထိုးကြပါ ပြောချင်ပါတယ်” ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ်ပေါင်း ၅၁၀၀ ဦးကျော်ရှိခဲ့ပြီး ကိုဗစ်လူနာ ၈၀ ဦးကျော် သေဆုံးသွားခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းများအရ သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...