မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဂိတ်စခန်း၌ TikTok ရိုက်ကူးကာ လူမှုကွန်ရက်ပေါ် တင်ခဲ့သည်ဟုဆိုပြီး စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသည့် ကျောင်းသားလူငယ် လေးဦးမှာ သိမ်ဇရပ်မြို့ အခြေခံပညာအထက်တန်းကျောင်း Grade – 7 မှ Grade – 11 အထိ ပညာသင်ကြားနေကြသည့် ကျောင်းသားများဖြစ်သည်။
သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်တို့တွင် နေထိုင်ကြသည့် အဆိုပါ ကျောင်းသား လေးဦးကို ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်အုပ်စုတပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ကလေးတွေက ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်တွေက ဝင်းကံကျေးရွာဘက်ကို သွားလည်ကြရင်း နဲ့ ဝင်းကံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ဂိတ်စခန်းမှာ TikTok ရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့လို့ အဖမ်း ခံကြရတာလို့ သိရပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ် လေးဦးအနက် သိမ်ဇရပ်မြို့အခြေစိုက် အမှတ် (၂၀၇) ခြေမြန် တပ်ရင်းမှ အရာခံဗိုလ်တစ်ဦး၏ သားဖြစ်သူလည်း ပါဝင်ကြောင်းကြားသိရသည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ်များ ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက ညှိနှိုင်း မှုများ ပြုလုပ်နေသော်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
မွန်ပြည်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်သူများအပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများ၌ Comment ရေးသားသူများ၊ Like နှင့် Heart React ပေးသူများကို စစ်အုပ်စုတပ် က စောင့်ကြည့်ပြီး ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
ဩဂုတ်လအတွင်း ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့၏ Facebook စာမျက်နှာပေါ် မှတ်ချက်ဝင်ရောက်ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ် အတွင်း မှ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦးတို့အား စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။
ဓာတ်ပုံ - Crd







