အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ လိုက်သော်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အသက်သွင်း၍ အကောင်အထည်ဖော်ခဲ့သော ပြည်သူ့ စစ်မှု ထမ်းဥပဒေကို ဆက်လက် ကျင့်သုံးသွားမည်ဟု အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်အုပ်စုဘက်မှ သေဆုံး မှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်နေသည့်အပြင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍအသီးသီး၌လည်း တပ်သား လိုအပ် ချက်များ ဆက်လက်ရှိနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထူးချစ်က ပြောသည်။
“အဓိကတော့ဗျာ ဒီစစ်တပ်မှာတော့ လူအင်အားလိုနေတယ်ဆိုတဲ့ဟာက အခြေခံကျပါတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေကလည်း တစ်နိုင်ငံလုံးနီးပါး ဖြစ်နေတယ်။ တချိန်ထဲမှာပဲ မြန်မာစစ်တပ် အနေနဲ့ နေ့တိုင်းလိုလို အကျအဆုံးတွေ များသလို ဒဏ်ရာရတဲ့သူတွေရယ်၊ နောက် နေ့တိုင်းနီးပါး လက်နက်ချတဲ့သူတွေပေါ့နော်၊ တော်လှန်ရေးအဖွဲ့မှာ လက်နက်ချတဲ့သူတွေရယ်၊ တပ်ပြေးတွေကလည်း အမြဲတမ်းများလာတာ တွေ့ရတယ်” ဟု ပြောသည်။
လူငယ်များအပေါ် နိုင်ငံရေးအရနှင့် လူမှုရေးအရ ထိန်းချုပ်မှု ပိုမိုလုပ်ဆောင်နိုင်ရန်အတွက်လည်း စစ်မှုထမ်း ဥပဒေကို အသုံးပြုနေခြင်း ဖြစ်သည်။
လူငယ်များ ပြည်ပသို့ ထွက်ခွာမှု၊ နိုင်ငံရေးတွင် ပါဝင်မှု၊ တော်လှန်ရေးတွင် ကူညီထောက်ပို့မှုနှင့် စစ်အုပ်စုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖိအားပေး ထိန်းချုပ်ရန် ထိုဥပဒေကို အသုံးချနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးထူးချစ်က ဆက်လက်၍ “ဒါကြောင့်မို့လို့ သူတို့အနေနဲ့ကတော့ စစ်မှုထမ်းဥပဒေဟာ တိုက်ခိုက်ရေး တပ်သား တွေမကပဲ သူတို့ရဲ့ လုံခြုံရေး ကိစ္စတွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ ဆေးဖက်နဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာပါ လူအင်အားဖြည့်ဖို့ လိုတယ်၊ ဒါကြောင့်မို့လို့ ဒီစစ်မှုထမ်း ဥပဒေကို ဆက်လက်ပြဋ္ဌာန်းနေတယ်လို့ ကျနော်တို့ နားလည်ပါတယ်” ဟု သုံးသပ်သည်။
စစ်အုပ်စုသည် သင်တန်းအပတ်စဉ် တစ်ခုလျှင် လူ ၅,၀၀၀ နှုန်းဖြင့် စုဆောင်းနေပြီး လက်ရှိတွင် ပြည်သူ့စစ်မှု ထမ်း သင်တန်းအမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲများကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ ပြုလုပ်လျက်ရှိသည်။
နိုင်ငံရေးနည်းလမ်းအရ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပ၍ အုပ်ချုပ်နေသော်လည်း တစ်ဖက်တွင် နည်း ပရိယာယ်အရ ထိုးစစ်ဆင်နိုင်ရန် စစ်မှုထမ်းဥပဒေကို တရားဝင်ပုံစံဖြစ်အောင် ပုံဖော်နေကြောင်း မွန်လူငယ် တစ်ဦးက ပြောသည်။
“စစ်ဘက်ဆိုင်ရာကနေ အရပ်ဘက်အသွင် ပြောင်းပြီးတော့ အုပ်ချုပ်တာပေါ့နော်၊ သို့ပေမဲ့ တစ်ဖက်မှာ နိုင်ငံရေးနည်းလမ်းအရ ဒီလိုပြောင်းလဲပြီး အုပ်ချုပ်ပေမဲ့လည်း ဒီဟာရဲ့ တစ်စုံလုံးက စစ်တပ်ပဲ ပြန်ပြီးတော့ လက်ဝါးကြီးအုပ် အုပ်ချုပ်တယ်။ ကြိုးကိုင်တဲ့ဟာမျိုး ရှိတာပေါ့။”
အဆိုပါ မွန်လူငယ်က “စစ်ဘက်ဆိုင်ရာမှာ လုံခြုံရေး ကဏ္ဍအရ ပြန်ပြီးတော့ ဖြည့်တင်းရမယ့် ကဏ္ဍတွေရှိ တယ်။ ဆုံးရှုံးထားတဲ့ဟာတွေကို စစ်မှုထမ်း ဥပဒေအရ ပြန်ပြီးတော့ ဖြည့်တင်းတယ်။ တဖက်မှာ လူအင်အား ဖြည့်ပြီးတဲ့နောက်မှာ နေရာဒေသအနှံ့မှာ သူထိုးစစ်တွေ ပြန်ပြီးဆင်နိုင်ဖို့အတွက် စစ်အင်အားလိုတာကိုး၊ ဒီစစ်အင်အားကို သူအသုံးချဖို့အတွက် ခုနကပြောတဲ့ စစ်မှုထမ်း ဥပဒေကို ဆက်လက်ပြီးတော့ သူကျင့်သုံးမယ် ပြောတာ” ဟု ဆက် ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ စစ်အုပ်စုတပ်နှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
စစ်ပွဲကာလ ၅ နှစ်ကျော်လာသည့်အတွက် သေဆုံးမှုများပြားကာ လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးတွင် တပ်သား ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။
“သူတို့ကတော့ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်ပေမယ့် အခုထက်ထိတော့ အရပ်သားလက္ခဏာတစ်ခုမှ မတွေ့ သေးဘူး။ အထူးသဖြင့်တော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ရဲ့ ပထမဦးဆုံးအချက် ဖြစ်တဲ့ အကြမ်း ဖက်မှုတွေ လျှော့ချရေးမှာ အခုထက်ထိ ဗုံးပတ်ကျဲပြီးတော့ သူတို့က အကြမ်းဖက်မှု လျှော့ချနေပါတယ်လို့ ပြောလို့မရဘူးလေ။”
ထို့ပြင် “အဲဒီလိုပဲ ပြည်တွင်းပဋိပက္ခ လျှော့ချရေးမှာ စစ်တိုက်နေတာ အခုလည်း နှစ်စလုံးဗျ၊ စစ်အုပ်စုရော ဒီဖက်တော်လှန်ရေး အုပ်စုတွေရော လူက တော်တော်ရှားလာတယ်။ ၅ နှစ်ကျော်ဆိုတော့ အများကြီးလည်း သေကုန်ကြတယ်။ ACLED က ဟိုတလောက ထုတ်တာ ၅ နှစ်အတွင်းမှာ လူ ၁ သိန်းကျော် သေတယ်တဲ့၊ ကျနော်ထင်တာ အဲဒီထက်မကဘူး။ အဲဒါကြောင့် မင်းအောင်လှိုင်ကတော့ သူ့ရဲ့ ရက် ၁၀၀ မှာတော့ စစ်မှုထမ်း ဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်၊ ဆက်လုပ်မယ်၊ ဆက်လည်း လုပ်မှာပဲ” ဟု ဦးတိုးဇော် လတ်က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁ သိန်းကျော်လွန်သွားပြီဖြစ်ကြောင်း စစ်ပွဲများကို လေ့လာစောင့်ကြည့်နေသည့် လက်နက်ကိုင် ပဋိပက္ခ နေရာနှင့် ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (ACLED) က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာမသိမ်းမီက ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့သည် စစ်အုပ်စုတပ်အတွင်းသို့ တပ်သား အများဆုံး ဝင်ရောက်သည့် ဒေသများဖြစ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အုပ်စုကို အားကောင်းစွာ ဆန့်ကျင်တိုက်ခိုက်သည့် ဒေသများ ဖြစ်လာခဲ့သည်။
ထို့ကြောင့် စစ်အုပ်စုသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ တပ်သားစုဆောင်းနေသည့်အပြင် အတင်း အဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲ စုဆောင်းခြင်းများကိုပါ ပြုလုပ်လျက်ရှိသည်။
ဓါတ်ပုံ - (စစ်အုပ်စု / ပုံဟောင်း)







