မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေး

မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေး

သျှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်နှင့် တိုက်ပွဲအတွင်း ကျန်နေသေးသည့် လက်နက် အန္တရာယ်များကြောင့် စစ်ရှောင်များက နေရပ်မပြန် နိုင်သေးဘူးဟု ဒေသခံများက ပြောသည်။

ထောင်ထားသည့် မိုင်းအန္တရာယ်များ ရှိနေမှုကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သည့်အပြင် ကျေးရွာ အတွင်းရှိ ဒေသခံများကလည်း လယ်ယာထဲ မသွားရဲသည့်အတွက် စားသောက်ရေး၊ နေထိုင်ရေး နှင့် ငွေရေး ကြေးရေးလည်း ခက်ခဲလာနေသည်ဟု နောင်ချို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခေးနင်းကျေးရွာ အုပ်စု (ဒိုးပင်ရွာ) မှာတော့ စစ်ရှောင်တွေ အကုန်ပြန်ရောက်ပြီ၊ ဒါပေမဲ့ ရွာနား တစ်လျှောက် မှာ မိုင်းတွေ ဆင်ထားတဲ့ လက္ခဏာတွေ တွေ့ရတော့ အပြင်မထွက်ရဲကြဘူး၊ တောင်ယာ အလုပ်ခွင်ကိုလည်း မသွားရဲဘူး၊ ဘယ်တပ်ဖွဲ့က မိုင်းတွေမှန်းလည်း မသိကြဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားက သျှမ်း သံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲသံ ငြိမ်သက်သွားသည့် ၁၀ ရက်တာ ကာလအတွင်းတွင် ဒေသခံများ၏ ကျွဲများသည် မြေမြှုပ်မှိုင်းများကို နင်းမိမှုများကြောင့် ၆ ကောင်ထက်မနည်း သေဆုံးမှုရှိခဲ့သည်။

ဧပြီလ နောက်ဆုံးပတ်တွင် ခေးနင်းကျေးရွာ (ဒိုးပင်ရွာ)က ဒေသခံ အမျိုးသားနှစ်ဦး တောင်ယာမှ အပြန် လမ်း ဘေး၌ ဟင်းရွက်ခူးနေစဥ် မိုင်းပေါက်ကွဲမှု ကြုံတွေ့ခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင် ကုသထားရကြောင်း ၎င်းအမျိုး သား က ဆက်ပြောသည်။

“တိုက်ပွဲက ပြီးသွားပေမယ့် ပေါက်ကွဲသံတွေတော့ နေ့တိုင်းနီးပါး ကြားနေရတယ်။ တခါလေ ကျွဲ၊ နွားတွေကို ထိ တယ်။ တခါလေလည်း လူထိတယ်ပေါ့။ နေ့တိုင်းဖြစ်နေတယ်။ အဲ့ဒါကြောင့် ကျနော်တို့လည်း ဘယ်နေရာမှ မသွားရဲ၊ မလုပ်ရဲနဲ့ နေထိုင်စားသောက်ရေးတွေက တစ်နေ့ထက် တစ်နေ့ ပိုပို ခက်ခဲလာတယ်” ဟု အထက်ပါ အမျိုးသား က ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှု အပြီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ကျေးရွာအတွင်းသို့ ရောက်လာပြီး ရွာအနီး တစ်ဝိုက်တွင် မိုင်းထောင်ထားမှု ရှိနေသည်ဟု ပြောဆိုခဲ့ကြောင်းလည်း ဒေသအတွင်းရှိ အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေက ရွာနားမှာ မိုင်းထောင်ထားမှု ရှိတယ်ဆိုတာကို လာပြီးပြောသွားတယ်။ ဝန်ခံသွားတယ်။ ရွာ သားတွေက သူတို့ကို ဖြုတ်ပေးခိုင်းတော့ မဖြုတ်အားသေးဘူးတဲ့။ အားတဲ့ အချိန်မှ လာဖြုတ်ပေးမယ်လို့ ပြော သွားတယ်။ အခုချိန်က လုပ်ငန်းခွင် ဝင်ရတော့မယ့် အချိန်လည်း ဖြစ်နေတယ်။ အခုလို ဖြစ်နေရင် လုပ်ငန်းတွေ ဘယ်လိုလုပ်နိုင်မလဲ” ဟု အသက် (၅၀) ကျော် အမျိုးသား တစ်ဦးက ဆိုသည်။

လက်ရှိတွင် နောင်ချိုဒေသခံများ အနေဖြင့် ကျေးရွာအနီး ရှိနေသည့် မြေမြှုပ်မိုင်းများ၊ တိုက်ပွဲအတွင်း ကျန်နေ သည့် မိုင်းများကို ရှင်းလင်းပေးစေလိုကြောင်း တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့တွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည် သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၅၀၀ ကျော် စစ်ရှောင် ထွက် ပြေးခဲရသည့်အပြင် နေအိမ် ၂၄ လုံး ပျက်စီးကာ အရပ်သား ၃ ဦးသေ ၄ ဦး လက်နက်ကြီး ထိမှန်ခဲ့သည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...