ရွှေကူမြို့ပြင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရွှေကူမြို့ပြင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နှင့် ၉ မိုင်ခန့်သာဝေးသော မံခါးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဥ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့်  ၁၅ မိနစ်ခန့်ပတ်ကာ ဗုံးကျဲသွားကြောင်း ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

“မနက် ၁၀ နာရီထိုးလောက်က လာကျဲသွားတာ တစ်စီးထဲနဲ့ ပဲကျဲသွားတယ် သူတို့ကျဲခြင်တာက မံခါးရွာကိုကျဲတာလို့သိရတယ်။ ဒါပေမယ့် ရွာထဲမှာတော့တစ်လုံးမှမကျဘူး။ မံခါးရွာပြင်ဘက်နဲ့ မံခါးရွာက လယ်တောတွေထဲမှာ ကျတယ်”ဟု ပြောသည်။

ယမန်နေ့ညပိုင်းတွင် မံခါးကျေးရွာအနီး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို KIA ၊ PDF ပူးပေါင်းတပ်တို့က သွားရောက် ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့သောကြောင့် ယနေ့မနက် ဗုံးလာကျဲ ခြင်းဖြစ်သည်ဟု ဒေသခံ များက သုံးသပ်ပြောဆိုသည်။ ဗုံးကျဲခံရသည့် မံခါးရွာတွင် လူနေအိမ် ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ရွှေကူမြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ စစ်ကြောင်းများသည် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်သည် မတ်လ ၃၀ ရက်နေ့တွင် စီမူလေးရွာနှင့် မံဝိန်းရွာ၊ ဧပြီ ၅ ရက်နေ့က စီမူလေး၊ စီမူကြီးနှင့် စီသာကျေးရွာ၊ ဧပြီ ၆ ရက်နေ့က တုံးကောက်ကျေးရွာနှင့် စီသောင်ကျေးရွာတို့ကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စီမူလေး၊ စီမူကြီး၊ စီသာ၊ စီသောင်ကျေးရွာတို့မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျမှုဖြစ်ပွားခဲ့သည်။

လက်ရှိ ရွှေကူအရှေ့ခြမ်း ကျေးရွာပေါင်း ၁၂ ရွာခန့်မှ ဒေသခံပြည်သူ ထောင်ချီသည် တောတောင်များထဲတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...