မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌ မိုးဆက်တိုက်ရွာ သွန်းပြီး လမ်းများ ပျက်စီးလာခြင်း၊ လမ်းခရီး ကြန့်ကြာခြင်းတို့ကြောင့် ကုန်တန်ဆာခများ အဆမတန် မြင့်တက် လာကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ပုံမှန်ချိန်တွင် ကုန်တစ်ပိဿာလျှင် တန်ဆာခ ကျပ် ၃,၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ၆၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားခြင်းဖြစ်ပြီး ယခုကဲ့သို့ တန်ဆာခ စတင်မြင့်တက်လာသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ကားဂိတ်မှူးတစ်ဦးက ဆိုသည်။
“တန်ဆာခ ပုံမှန်က တစ်ပိဿာကို ၃,၀၀၀၊ အခုက ၅,၀၀၀ ဖြစ်သွားပြီ။ ကြက်သွန်က မန္တလေးမှာ ၂,၀၀၀ ဆိုရင် တင်ခက ၅,၀၀၀ ဆိုတော့ ကြက်သွန်တစ်ပိဿာကို ၇,၀၀၀ ဖြစ်နေပြီ။ ဒီမှာရောက်ရင် အမြတ်ယူဦးမှာဆိုတော့ ကြက်သွန်ဈေးက ၈,၀၀၀၊ ၁၀,၀၀၀ ဈေးဖြစ်သွားတာပေါ့။ အခုလို တက်သွားတာက တစ်ပတ်လောက်တော့ ရှိပြီ” ဟု အဆိုပါ ကားဂိတ်မှူးက ပြောသည်။
လက်ရှိတွင် မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိသေးဘဲ အချို့ နေရာများ၌ ကွင်းလမ်းများကို အစားထိုး အသုံးပြုနေရသဖြင့် ကုန်တင်ယာဉ်များအနေဖြင့် လမ်းခရီး ပိုမိုကြန့် ကြာလျက်ရှိသည်။
မန္တလေး - မြစ်ကြီးနား ခရီးစဉ်အတွက် အသုံးပြုနိုင်သည့် အဓိက လမ်းကြောင်း ၂ ခု ရှိသည်။ ပထမလမ်း ကြောင်းမှာ ဧရာဝတီမြစ်အရှေ့ဘက်လမ်းဖြစ်သည့် မန္တလေး - မတ္တရာ - ထီးချိုင့် - ကသာမှတစ်ဆင့် မြစ်ကြီးနား သို့ သွားသည့် လမ်းကြောင်းဖြစ်သည်။
အဆိုပါ လမ်းပိုင်းကို စစ်အုပ်စုတပ်ဘက်က မေလအစပိုင်းတွင် ပြန်လည်အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သော် လည်း နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လမ်းပိုင်းအချို့ ပြန်လည်ပိတ်ဆို့သွားခဲ့ရသည်။ ထို့ ကြောင့် လက်ရှိတွင် ကုန်တင်ကားများအနေဖြင့် ဧရာဝတီမြစ်အနောက်ဘက်ရှိ မန္တလေး - ရွှေဘို - မြစ်ကြီး နား လမ်းကြောင်းကို အဓိက အသုံးပြုသွားလာနေကြရသည်။
သို့သော်လည်း ယင်းလမ်းကြောင်းမှာလည်း တစ်လျှောက်လုံး ပုံမှန်အတိုင်း အသုံးပြု၍မရဘဲ အင်းတော်မြို့နယ် ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လမ်းပိုင်းအချို့၌ သွားလာခွင့် ကန့်သတ်ထားသည်။ အဆိုပါ ကန့်သတ် ချက်များကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များသည် လမ်းမကြီးအစား ကွင်းလမ်းများကို သုံး၍ ပတ်မောင်းနေကြရသည်။
ကားသမားများ အသုံးပြုနေရသည့် ကွင်းလမ်းပိုင်းမှာ မိုးရွာသွန်းချိန်တွင် ဗွက်ထထူပြီး သွားလာရခက်ခဲသည့် အပြင် လမ်းပေါ်တွင် ယာဉ်တစ်စီး ချော်ပြီး ပိတ်မိပါက ဆင်များနှင့် ထွန်စက်များ အသုံးပြုကာ ကားများကို ဆွဲထုတ်ရသည့် အခြေအနေဖြစ်နေသည်။
ကားဂိတ်မှူး၏ ပြောကြားချက်အရ လက်ရှိ တန်ဆာခ ထက်ဝက်ကျော် မြင့်တက်လာရသည့် အဓိက အကြောင်း ရင်းထဲတွင် လမ်းခရီးအတွင်း ဆင်နှင့် ယာဉ်ဆွဲခ၊ ထွန်စက်ဆွဲခများ ထပ်မံကုန်ကျနေခြင်းလည်း ပါဝင်သည်။
“တန်ဆာခ တက်ရတဲ့အကြောင်းအရင်းကလည်း ဆင်ဆွဲရတာတွေ၊ ပြီးရင် ထွန်စက်ဆွဲခတွေပေးရတယ်။ အဲလိုကျတော့ တန်ဆာခက မတက်လို့မရတော့တဲ့ အနေအထားဖြစ်နေတယ်” ဟု ကားဂိတ်မှူးက ရှင်းပြသည်။
အရင်ကလည်း မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လမ်းအခြေအနေကြောင့် ကွင်းလမ်းများကို အသုံးပြုခဲ့ရပြီး သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မန္တလေးမှ မြစ်ကြီးနားသို့ ကုန်စည်များ ရောက်ရှိရန် ပုံမှန်ထက် အချိန်ပိုမိုကြာမြင့်နေပြီး အမြန်ဆုံး သွားနိုင်သည့်တိုင် ၁၀ ရက်မှ ၁၅ ရက်ခန့်အထိ ကြာမြင့်နေသည်။
ထို့ပြင် မြစ်ကြီးနားသို့ ကုန်စည်ဝင်ရောက်သည့် အခြားလမ်းကြောင်းတစ်ခုဖြစ်သည့် တရုတ် - မြန်မာနယ်စပ် ကန်ပိုက်တီဘက်မှ ဝင်လာသည့် ကုန်စည်များကိုလည်း မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားနှင့် မိုင်းနား ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကျပ်ထားသဖြင့် ကုန်တင်ကားများ ဝင်ရောက်ရာတွင် နှောင့်နှေးမှုများ ကြုံတွေ့ နေရကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိ တန်ဆာခ နှုန်းထားများအရ မန္တလေးတွင် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဝန်းကျင်သာရှိသည့် ကြက်သွန်နီ သည် မြစ်ကြီးနားသို့ သယ်ယူခ သုံးစွဲရမှုမှာ တန်ဆာခတစ်ခုတည်းအတွက် ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ရှိနေ သဖြင့် ပစ္စည်း၏ မူလဈေးထက် သယ်ယူစရိတ်က ပိုမိုမြင့်မားနေသည်။
ထိုအခြေအနေကြောင့် မြစ်ကြီးနားသို့ ကုန်ပစ္စည်းများ ရောက်ရှိပြီးသည့်နောက် ရောင်းချသူများက အမြတ် အစွန်းနှင့် အခြား ကုန်ကျစရိတ်များ ထပ်မံတွက်ချက်ရမည်ဖြစ်၍ လက်လီဈေးကွက်အတွင်း ကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ပိုမိုမြင့်တက်လာနိုင်ကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေး ဆက်စပ်သူများက သုံးသပ် ထားကြသည်။







