ငြိမ်းချမ်းရေးညီလာခံနှင့် ရွေးကောက်ပွဲကျင်းပရေး အမြင်အမျိုးမျိုး

ငြိမ်းချမ်းရေးညီလာခံနှင့် ရွေးကောက်ပွဲကျင်းပရေး အမြင်အမျိုးမျိုး
လူထု ထောက်ခံမှု အများဆုံးရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) မပါပဲ ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီမှ ကြိုးပမ်းနေဆဲဖြစ်သည်။
လူထု ထောက်ခံမှု အများဆုံးရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) မပါပဲ ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီမှ ကြိုးပမ်းနေဆဲဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြားတွင် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)  မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများကို မှတ်ပုံတင် ပြန်တင်ခိုင်းသော်လည်း ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်နိုင်သေးကြောင်း ဦးမျိုးကျော်က ပြောသည်။

“ကျနော်ထင်တယ် အခုချိန်မှာ ရွေးကောက်ပွဲ ကျင်းပလို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ၊ အခု လက်ရှိ အာဏာသိမ်းထားတဲ့သူ ကိုယ်၌က သူတို့ ရွေးကောက်ပွဲ လုပ်မယ်လို့ သူတို့ ပြောထားတယ်၊ သူတို့ ကိုယ်တိုင် ရွေးကောက်ပွဲကို မကျင်းပနိုင်ဘူး။ ကျင်းပနိုင်တဲ့ အရည်အချင်း မပြည့်ဘူး။

နောက်တစ်ခုကလည်း အခုက သူတို့ က နိုင်ငံရေးပါတီတွေကို ပြန်ပြီးတော့ မှတ်ပုံတင်ပါလို့သာ သူတို့က ရက်သတ်မှတ်ပြီးတော့ ကျနော်တို့ကို ဖြတ်ချလိုက်တာလေ၊ ဒါပေမဲ့ ရွေးကောက်ပွဲကိုကြတော့ မူလသတ်မှတ်ထားတဲ့ ၂၀၂၃ ထဲမှာ လုပ်မယ်ဆိုတဲ့ဟာကြတော့ ဘယ်နေ့ ဘယ်တော့ ဘယ်အချိန်မှာဆိုတဲ့ဟာမျိုးက မရှိတော့ဘူးဆိုတဲ့ အနေအထားလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်တွင် ရှမ်းပြည်သူများ ထောက်ခံမှု အများစုရရှိသည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည်လည်း စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲ ကျင်းပပြီး အကျပ်အတည်းကို လျော့ချနိုင်မည်ဟု တရုတ်ဖက်က ခံယူထားပုံရသည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

“တရုတ်ရဲ့ နယ်စပ် မိုင်ထောင်ချီရှိတဲ့ နေရာမှာ တည်ရှိတဲ့ လက်နက်ကိုင် ပြဿနာ မြန်မာ့နိုင်ငံရေး ၇၅ နှစ်ကျော်လာပြီဖြစ်တဲ့ မြန်မာ့နိုင်ငံ‌ရေးပြဿနာကို တရုတ်က ဝင်ပါမှာ ဖြစ်တော့မယ်ဆိုတဲ့

လိုအပ်ချက်ပေါ့ဗျာ၊ အဲဒီမှာ အရွေ့ကောင်းကောင်းနဲ့ ရွေ့လာတဲ့ ရှီဂျင့်ဖျင်တဲ့ တတိယ သက်တမ်းအစလေးမှာ ကမ္ဘာလုံးဆိုင်ရာ သူ့ရဲ့ မူဝါဒ ပြန်ကြည့် မြန်မာနိုင်ငံ နယ်စပ်ကို တည်ငြိမ်အောင်ဖြစ်မှ လုပ်မယ်ဆိုတဲ့ ဖိအားနဲ့ လိုအပ်ချက်အရ Statement တွေထုတ်ပြီးတော့ FPNCC နဲ့ ပထမတွေ့တယ်။ အခုလက်ရှိ Process တွေ အားလုံး ကျနော်ဆိုလိုတာက “ဝ” ဦးဆောင်တဲ့ အဖွဲ့နဲ့ ထပ် တွေ့တယ်။ တတိယလောက် တွေ့တဲ့ NSPNC၊ SAC တွေ့ဆုံမှု အားလုံးမှာ အဖြေတစ်ခုကို ရတဲ့အထိ သွားဖို့ ကြိုးစားနေတာ ဖြစ်တယ်" ဟု သုံးသပ်သည်။

တရုတ်အစိုးရက မြန်မာနိုင်ငံ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ ဆုံရာတွင် ရည်ရွယ်ချက် (၂) ရပ်ရှိသည်ဟု ဦးအေးသာအောင် မှ သုံးသပ်သည်။ ပထမရည်ရွယ်ချက်မှာ တရုတ်၏ အကျိုးစီးပွား၊ တရုတ်၏ လိုလားချက် များအား ကာကွယ်ပေးရန် ဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်မှာ စစ်ကောင်စီအား ရွေးကောက်ပွဲ ကျင်းပခိုင်းကာ ၎င်းတို့ အား နိုင်ငံရေးထွက်ပေါက် ပေးခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ‌ရွေးကောက်ပွဲ တစ်ခုခု ကျင်းပနိုင်ပါက အကျပ်အတည်း ဖြေရှင်းရေးအတွက် လမ်းစတစ်ခု ပေါ်လာမည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးရွှေမင်းက ပြောသည်။

“အလုံးစုံ ပြီးပြည့်စုံတဲ့ လမ်းတစ်ခုတော့ ပြောလို့ မရဘူးခင်ဗျ၊ ဒါပေမဲ့ ကျနော်တို့ လမ်းစတစ်ခုတော့ ပြောလို့ရတယ်၊ ညီလာခံပဲ ဖြစ်ဖြစ်၊ ကျ‌နော်တို့ ရွေးကောက်ပွဲပဲ ဖြစ်ဖြစ်၊ လမ်းစတစ်ခုတော့ ဖြစ်ပေါ်လာလိမ့်မယ်၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်၊ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ကျနော်အဲဒီအတိုင်းပဲ မြင်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောကြားထားပြီး အခြားတစ်ဖက်မှာတော့ အဆိုပါ ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတက ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့စစ်တပ်က အရပ်သားအစိုးရထံ အာဏာသိမ်းယူခဲ့ပြီးနောက် ပြည်တွင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်များမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...