ထိုင်းမွန်မျိုးနွယ်စုများ တရားဝင် မှတ်ပုံတင်ခွင့်ရရှိရေး ပြင်ဆင်ဆောင်ရွက်

ထိုင်းမွန်မျိုးနွယ်စုများ တရားဝင် မှတ်ပုံတင်ခွင့်ရရှိရေး ပြင်ဆင်ဆောင်ရွက်

ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် မွန်လူမျိုးစုများ အားလုံး ပါဝင်သည့် ဗဟိုအဖွဲ့အစည်းအသစ်တစ်ရပ်ကို ဖွဲ့စည်းကာ လိုအပ်သည့် လုပ်ငန်းစဉ်များကို ထိုင်းမွန်များ ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

၂၀၂၅ ခုနှစ်က ထိုင်းအစိုးရမှ အသိအမှတ်ပြုထားသည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူနေမှုဘဝ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဥပဒေအတိုင်း မှတ်ပုံတင်နိုင်ရန် အယုဒ္ဓယခရိုင်၊ ဘန်ဘောမြို့နယ်ရှိ ဆိုင်းနွိုင်း Homestay တွင် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ မွန်အဖွဲ့အစည်းများ ပါဝင်သည့် ဗဟိုအဖွဲ့အစည်းအသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့အတွင်း ပါဝင်မည့် မွန်လူမျိုးကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြောင်း ဘန်ကောက် မွန်လူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီအစည်းအဝေးက အရေးကြီးတယ်လို့ ပြောရမယ်။ ဗဟိုအဖွဲ့ဖွဲပြီး မွန်လူမျိုးနာမည်နဲ့ တရားဝင် မှတ်ပုံတင်ဖို့ ကိုယ်စားပြုအဖွဲ့တွေထဲမှာ ၁၅ ဦးနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ကောင်စီရဲ့တာဝန်၊ ဝတ္တရားတွေ ဘယ်လိုရှိလဲ၊ အခွင့်အရေး ဘယ်လိုရှိလဲဆိုတာကို အစည်းအဝေးကနေတစ်ဆင့် ရှင်းပြသွားမှာ။ မှတ်ပုံတင်ပြီးရင် တိုင်းရင်း သားတွေ အတွက် စောင့်ထိန်းရမယ့် ဥပဒေတွေရှိလာမယ်။”

အဆိုပါ ဆွေးနွေးပွဲတွင် ကိုယ်စားလှယ် ရွေးချယ်ခြင်းအပြင် ဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် မွန်ရပ်ရွာများကို မှတ်ပုံတင်ရန် လိုအပ်သည့် အချက်အလက် စုဆောင်းခြင်းများကိုပါ လုပ်ဆောင်ခဲ့ကြသည်။

မှတ်ပုံတင်ရေးလုပ်ငန်းစဉ် ပြီးစီးပါက ထိုင်းနိုင်ငံရှိ မွန်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ပညာရေး ဆိုင်ရာ လိုအပ်ချက်များကို အစိုးရထံ တရားဝင် တောင်းဆိုနိုင်သည့် အခွင့်အလမ်းကောင်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ထိုင်းမွန်ယဉ်ကျေးမှုအဖွဲ့တွင် ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“မနှစ်ကတည်းက အစိုးရက ဥပဒေအရ အသိအမှတ်ပြုထားပြီးသားပဲ၊ စာရင်းပြုစုဖို့အတွက် လုပ်ငန်းစဉ် စမယ်။ သက်ဆိုင်ရာ ဌာနအောက်က ဗဟိုနဲ့ချိတ်ဆက်ပြီး အချက်အလက် တင်ပြရတယ်။ ဒါက မွန်အဖွဲ့အစည်း အားလုံးပါဝင်တဲ့ အဖွဲ့အစည်းအသစ်အနေနဲ့ Register ရမှာ ဖြစ်ပါတယ်။ စာပေကိစ္စ၊ ပညာရေးကိစ္စတွေ ဒါကို အမှီသဟဲ ပြုနိုင်ရင် အကျိုးကတော့ ရှိလာမှာပဲ” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု ကွန်ယက် စုစုပေါင်း ၆၀ လုံး တရားဝင် မှတ်ပုံတင်ရန် သိရိန္ဒြာ မနုဿဗေဒစင်တာ (SAC) နှင့် အခွင့်အရေးနှင့် နိုင်ငံသားအဆင့်အတန်းဆိုင်ရာ အကြံပေးစင်တာတို့က ထုတ် ပြန်ထားပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ ပြုလုပ် ပေးနေခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံဖွား မွန်လူမျိုးများ၊ ထိုင်းရောက် မွန်အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ယခု လုပ်ငန်း စဉ်တွင် ပူးပေါင်းပါဝင်ပြီး မွန်လူမျိုးတို့၏ အခွင့်အရေးနှင့် အနာဂတ် ရည်မှန်းချက်များအတွက် ဝိုင်းဝန်းပူးပေါင်း ကြရန် ထိုင်းမွန်များက တိုက်တွန်းနှိုးဆော်ထားကြသည်။

ဓာတ်ပုံ - IMNA 

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...