NCA စာချုပ်အတိုင်း လုပ်ဆောင်မှုများတွင် အားနည်းမှုများ ရှိနေကြောင်း KNU ဝန်ခံ

NCA စာချုပ်အတိုင်း လုပ်ဆောင်မှုများတွင် အားနည်းမှုများ ရှိနေကြောင်း KNU ဝန်ခံ
by -
ဇေယျာမော်
သူရရွှေမန်းနှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့အား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း
သူရရွှေမန်းနှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့အား တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါ အချက်များအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများ အားနည်းချက်များ ရှိနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NCA နှစ်နှစ်ပြည့် အခမ်းအနား၌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးက မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"NCA စာချုပ်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနိုင်ခဲ့သော်လည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ စိန်ခေါ်မှုများနှင့် အားနည်းချက်များစွာ ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး ပကတိအတိုင်း လက်ခံရမှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC) ကို ဒေသအချို့တွင် ပြည်နယ်အဆင့် ဖွဲ့စည်းနိုင်မှု မရှိသေးခြင်း ၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြင်ဆင်နိုင်မှု မရှိသေးခြင်း ၊ NCA စာချုပ် လက်မှတ်ရေးထိုး ထားသော်လည်း အချို့တိုင်းရင်းသားဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မှုမရှိခြင်းများကို ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုးက ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့အစည်းအတွင်း၌ NCA စာချုပ်ကို ပြန်လည်သုံးသပ်မှုများ လည်း ရှိနေခဲ့သည်။ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီ ဖဒိုမန်းငြိမ်းမောင်အား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ အပြုသဘောဆောင်သည့် ရည်ရွယ်ချက်ဖြင့်သာ စာချုပ်ကို ချဉ်းကပ်သုံးသပ်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

"ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာအားလုံးက နိုင်ငံရေးက အဓိက ကျတယ်၊ နိုင်ငံရေးကိစ္စ အဆင်ပြေရင် ကျန်တဲ့ လုံခြံုရေးကိစ္စ တပ်ပိုင်းဆိုင်ရာကိစ္စလဲ အလိုအလျောက် ပြေလည်သွားလိမ့်မယ်" ဟု ဖဒိုမန်းငြိမ်းမောင်က ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့မှ လက်မှတ်ရေးထိုးထားသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သက်ဆိုင်ရာနယ်မြေများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဖြစ်သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့သည် လက်ရှိအချိန်ထိ ကျင်းပခွင့်မရရှိသေးပေ။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...